ငါန်းဇွန်မှာ ကူးတို့သည်အမျိုးသမီးတဦး အသတ်ခံရ

ငါန်းဇွန်မှာ ကူးတို့သည်အမျိုးသမီးတဦး အသတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာက ကူးတို့သည်အမျိုးသမီးတဦး သြဂုတ် ၂၃ ရက်နေ့လယ် ၂ နာရီ ကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူမှာ ဒေါ်မြင့်မြင့်ဌေး ၅၇ နှစ်ဖြစ်ပြီး နေအိမ်ထဲ တယောက်တည်းရှိနေချိန် သေနတ်နဲ့ ပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"အဲ့အမျိုးသမီးက ရွာမှာ စက်လှေနဲ့ကူးတို့သည် လုပ်နေတာ ကြာပါပြီ။ ကူးတို့သည်ဆိုတော့ စကစတွေကိုလည်း လိုက်ပို့ရတယ်။ မြစ်ကို ဘယ်သူကူးကူးလိုက်ပို့ရတာပဲ" လို့ ငါန်းဇွန်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒေါ်မြင့်မြင့်ဌေးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး သူမကို ဘယ်သူတွေ ပစ်သတ်သွားလည်းဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ဒေါ်မြင့်မြင့်ဌေးရဲ့ သမီးဖြစ်သူ (ပျူစောထီးအဖွဲ့ဝင်) ရှင်းလင်းခံရပြီးနောက် ၄ လ အကြာမှာ အမေဖြစ်သူ အသတ်ခံရတာဖြစ်ပါတယ်။ 

ဒေါ်မြင့်မြင့်ဌေး အသတ်ခံရတာဟုတ်မှန်ကြောင်း၊ ဒါပေမဲ့ သူ့ကို ငါန်းဇွန်မြို့နယ်က PDF အဖွဲ့တွေ သတ်တာ မဟုတ်ဘဲ တခြားမြို့ နယ်တခုက PDF အဖွဲ့တဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ငါန်းဇွန်း PDF မှ ရဲဘော်တဦးက ပြောပါတယ်။

"ကျနော်သိတာတော့ စကစစစ်ကြောင်းတခုကို လိုက်ပို့ပေးဘူးတယ်လို့ သိရတယ်။ သူ့ကို ဘယ် အဖွဲ့လုပ်တယ် ဆိုတာကို စုံစမ်းနေဆဲပါ" လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်မှာလည်း ငါန်းဇွန်မြို့ နယ်၊ ငါန်းမြှာကြီးမြို့က စစ်ကောင်စီက လက်နက်ပေးထားတဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်မှာ မြို့ထဲကနေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး နေအိမ်ကိုပြန်လာချိန် 8 Stars မြင်းခြံခရိုင်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ် လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့နယ်၊ #ရဲပဒိုင်းကျေးရွာ #ကူးတို့သည် #ပျူစောထီး #သတင်း

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10