ငါန်းဇွန်မှာ စစ်ကောင်စီစစ်ကြောင်းကို တမနက်တည်း မိုင်း ၃ ကြိမ်ဆွဲ၊ သေဆုံးမှုရှိ

ငါန်းဇွန်မှာ စစ်ကောင်စီစစ်ကြောင်းကို တမနက်တည်း မိုင်း ၃ ကြိမ်ဆွဲ၊ သေဆုံးမှုရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂၅ ရက် တမနက်တည်းမှာ မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပကဖက အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နတ်ကြီးကျေးရွာ အထိုင်စခန်းကနေ အင်အား ၅၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို မနက် ၇ နာရီ ထနောင်းကုန်း ရွာအနီးမှာ ၁ ကြိမ်၊ မနက် ၉ နာရီ လက်ပံသာရွာ မရောက်မီမှာ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ လက်ပံသာရွာ မြောက်ဘက်အထွက်မှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် မိုင်းဆွဲခံရတဲ့ ထနောင်းကုန်းနဲ့ လက်ပံသာကျေးရွာတို့ဟာ ၃ မိုင်ခန့်ဝေးပြီး မိုင်းကွင်းတကွင်းမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"စကစတွေ သေဆုံး၊ ဒဏ်ရာရတာကို မျက်မြင်တွေ့တဲ့ ပြည်သူတွေရဲ့ပြောပြချက်အရအတည်ပြုခဲ့တာ။ ဒဏ်ရာရကောင်တွေကို လက်ပံသာရွာနဲ့ ထနောင်းကုန်းရွာထဲမှာဝင်ပြီး ဆေးကုသခဲ့တယ်။ သေတဲ့ကောင်တွေကို ထော်လာဂျီတစီးနဲ့ တင်သွားတယ်" လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ခိုက်ခံရပြီးနောက် သားကျင်ကျေးရွာအထိုင်စခန်းနဲ့ နတ်ကြီးရွာ စခန်းတွေဆီ နောက်ပြန်ဆုတ်သွားခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ T.G.R People Defence Force၊ မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle Defence Force - MMU၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁၊ ငါန်းဇွန် မီးနဂါးပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံး ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ ငန်းနက်ပြောက်ကျားအဖွဲ့နဲ့ အားမာန်သစ် ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်မှာလည်း နတ်ကြီးရွာစခန်းကနေ ခြေလျင်စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နတ်ကြီးနဲ့ ထနောင်းကုန်းရွာကြားက ကားလမ်းမမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ငါန်းဇွန်ပကဖ ရဲဘော်များ မိုင်းထုတ်လုပ်နေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့နယ် #စစ်ကြောင်းထိုး #စစ်ကောင်စီ #ပြောက်ကျား #မိုင်းဆွဲ #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10