ငါန်းဇွန်မှာ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

ငါန်းဇွန်မှာ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ်ပကဖက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့လယ် ၁ နာရီမှာ သားကျင်ကျေးရွာ အထိုင်စခန်းကနေ စစ်ကောင်စီတပ်သား ၅၀ ကျော် လင်္ကာဒီပကျေးရွာထဲကို ဝင်ရောက်မွှေနှောက်နေချိန် ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၁၃ ရက်နေ့လယ် ၂ နာရီကျော်မှာလည်း ငါန်းမြာကြီးကျေးရွာထဲမှာ အင်အား ၇၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်း ၁ စီးသုံးပြီး ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"သေဆုံးမှုကိုတော့ ရွာခံပြည်သူတွေရဲ့ပြောပြချက်အရ သိရတာပါ။ သေတဲ့အလောင်းတွေကို ငါန်းမြာကြီးရွာက သုဿန်မှာ သေနတ်တွေပစ်ဖောက်ပြီးတော့ သင်္ဂြိုဟ်ပေးတာကိုမြင်တဲ့ ရွာသားတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ"လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာ ဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ 

လင်္ကာဒီပကျေးရွာမှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ကတော့ ရွာရဲ့ အနောက်ဘက်မှာရှိတဲ့ မြောက်ကျွန်းကျေးရွာထဲမှာ စက်တင်ဘာ ၁၅ ရက်ဒီနေ့အထိ တပ်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ T.G.R People Defence Force မြောင်မြို့နယ် အပါအ၀င် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

သားကျင်ကျေးရွာစခန်းမှ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၁ ရက်က‌နေ စက်တင်ဘာ ၁၅ ရက်ဒီနေ့အထိ ငါန်းဇွန်မြို့နယ်က အောင်သုခ၊ ရက္ခဒီပ၊ လင်္ကာဒီပ၊ ရေလည်သောင်၊ လက်ပံသာ၊ အောင်သာမြောက်ကျွန်း၊ ကံသာစတဲ့ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပုံစာ - ငါန်းမြာကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #တိုက်ခိုက် #စစ်ကောင်စီ #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10