ငါန်းဇွန်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

ငါန်းဇွန်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရွာ ရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြို့သာအ‌ရှေ့ရွာ တောင်ဘက် ရထားသံလမ်းအနီးမှာ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံက ပေပါမိုင်း ၁ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာပါ။ 

အဲဒီစစ်ကြောင်းဟာ တံတားဦးဘက်ကနေ ၁၂ ဘီးမော်တော်ယာဉ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာပြီး မြို့သာရဲစခန်းထဲမှာ ရပ်တန့်ခဲ့ကြောင်း၊ မြို့သာရဲခန်းကနေ ခြေလျင်စစ်ကြောင်းထိုးပြီး မြို့သာတောင်ဘက်ကို ထွက်လာတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နဂါးနီပြောက်ကျား တပ်ဖွဲ့ မြင်းခြံတာဝန်ခံက ပြောပါတယ်။ 

“မိုင်းကွင်းထဲကို ဝင်လာတာက ၄ ကောင်ဝင်လာတယ်။ ၄ ကောင်ကတော့ အတုံးအရုန်းလဲသွားတယ်။ ချက်ခြင်းကြီးတော့ မသေဘူး။ မသေမရှင်ဖြစ်ပြီးတော့ မြို့သာဆေးရုံကို ပို့လိုက်တယ်။ ထိချက်က ပြင်းတော့ သေဖို့က များတယ်” လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းရွာ၊ တောစောက်ရွာ၊ ထနှောင်ပင်ရွာတို့ကို စစ်ကြောင်းထိုးပြီး ညနေ ၅ နာရီခွဲဝန်းကျင်မှာ မြို့သာရွာဘက်ကိုပြန်ကာ မြို့သာရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျေးရွာအနီးကို မသွားရောက်နိုင်သေးတာကြောင့် လူနေအိမ် ဘယ်လောက် မီးရှို့ခံရတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာက ပျူစောထီး ၁ ဦးကို နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ -၂၀၂၅ ဇန်နဝါရီ ၁၄ ရက်က ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်း(တောင်)ကျေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ခဲ့စဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့ #မြို့သာရွာ #ရဲစခန်း #စစ်ကောင်စီ #မိုင်းဆွဲ #စစ်သား #နဂါးနီပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10