ငါန်းဇွန်မှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီ ၂ ပွင့် ဗိုလ် ၁ ဦး သေဆုံးဟုဆို

ငါန်းဇွန်မှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီ ၂ ပွင့် ဗိုလ် ၁ ဦး သေဆုံးဟုဆို

 

စစ်ကိုင်းတိုင်း၊ မြို့သာမြို့က ထွက်လာတဲ့ စစ်သားနဲ့ ရဲအင်အား ၁၀ ဦးဝန်းကျင်ပါတဲ့ ရဲပွိုင့် ကား ၁ စီးကို  ဒေသခံကာကွယ်ရေးတပ်တွေက ငါန်းဇွန်မြို့နယ်၊ တောင်လယ်တောနဲ့ ရွာသာရွာအကြားမှာ ဖေဖော်ဝါရီလ ၅ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

နေ့လည် ၁၂ နာရီလောက်မှာ ပဒေသာမိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ၂ ပွင့် ဗိုလ်တဦးသေဆုံးကာ နောက်လိုက် ၅ ဦး ထိခိုက်သွားတယ်လို့ Myitnge - PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ မှ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"သေသွားတာက အသက်မွေးမြူရေးသင်တန်းကျောင်းက အရာရှိပါ။ မြစ်သာဆေးရုံမှာ သေပါတယ်။ မိတ္ထီလာမှာ သဂြိုလ်မယ်လို့ သိရပါတယ်။ သေဆုံးမှုကိုတော့ အတွင်းစုံစမ်းမှုက သိခဲ့ရပါတယ်" လို့ ဆိုပါတယ်။

သေဆုံးတဲ့ဗိုလ်ဟာ ကူမဲဒေသအခြေစိုက် အမှတ် ၂ အသက်မွေးမြူရေးသင်တန်းကျောင်းက ဗိုလ်ဝကြီးဆိုသူ ဖြစ်ပြီး သူ့ကို မနေ့ကနေ့လယ် ၁၀ နာရီဝန်းကျင်က သင်္ဂြုလ်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေရတယ်လို့ ခိုင်လုံတဲ့တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)တာဝန်ခံက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ မန္တလေးခရိုင်အမှတ်(၅) တပ်ရင်း MNPDF Myintnge၊ AH NYAR MYAY SPECIAL DEFENSE FORCE အဖွဲ့တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး၊ အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက မိုင်းဆွဲခံရတဲ့နေရာတဝိုက်မှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်မနက်အစောပိုင်းမှာလည်း ငါန်းဇွန်မြို့ကနေ ကား ၁ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ညောင်ပင်ကြီးရိုးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10