ငါန်းဇွန်မှာ အမျိုးသမီး ၁ ဦးအပါအဝင် လူ ၇ ဦးအသတ်ခံရ

ငါန်းဇွန်မှာ အမျိုးသမီး ၁ ဦးအပါအဝင် လူ ၇ ဦးအသတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သဲကုန်းကျေးရွာက အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၆ ဦး နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ၇ ဦးမှာ သဲကုန်းရွာခံ ကိုဖိုးချစ်၊ ကိုနန်းဝင်း၊ ကိုဝေအောင်၊ ကိုဗျိုင်းကြီး၊ ကိုပိုင်၊ ဦးချစ်ဟန်၊ ဒေါ်ဝင်းဝင်းတို့ဖြစ်ကြပြီး၊  ၇ ဦးအနက် အမျိုးသား ၅ ဦးမှာ ကျေးရွာအတွင်း ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကျန်အမျိုးသားနဲ့အမျိုးသမီးမှာ နေအိမ်တွင်းပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

"သေသွားတဲ့ ချစ်ဟန်နဲ့ ဝင်းဝင်းက လင်မယားတွေ။ ရွာမှာငွေတိုးချေးစားတာ။ သားသမီးမရှိကြဘူး။ ကျန်တဲ့သူတွေကတော့ ပျူလား၊ဘာလားမသိဘူး " လို့ ငါန်းဇွန်ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေကို  အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အမည်မသိလူတစုက ဆိုင်ကယ် ၃ စီးနဲ့ လာရောက်ကာ သေနတ်နဲ့ပစ်ခတ်သွားတာလို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ ကျေးရွာသားတွေနဲ့၎င်းတို့ရဲ့ဆွေမျိုးတွေက နိုဝင်ဘာ ၂၃ ရက်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ အမျိုးသား ၅ ဦးဟာ ဦးညွန့်လှရဲ့ကုန်စုံဆိုင်မှာ အရက်ဝိုင်းဖွဲ့သောက်နေစဉ် PDF ၈ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်သလို ဦးချစ်ဟန် နဲ့ ဒေါ်ဝင်းတို့ ၂ ဦးကိုတော့ နေအိမ်ထဲဝင်ပစ်ခဲ့တာလို့ ရေးသားထားပါတယ်။

အဆိုပါအမျိုးသား ၆ ဦးနဲ့အမျိုးသမီး ၁ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးအင် အားစုတွေဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသလို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကို မြေလတ်အသံက မေးမြန်းတာမှာ ပြန်လည်ဖြေကြားတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာက မုန့်တီလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဦးလှနီနဲ့ သားဖြစ်သူ ကိုသိန်းဆွေဦးတို့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #လူ၇ဦး #အသတ်ခံရ #သေနတ်ပစ်ခတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10