ငါးရှာသွားတဲ့ အမျိုးသား လယ်ကွင်းထဲမိုင်းထိလို့ ခြေထောက်တဖက် ဆုံးရှုံး

ငါးရှာသွားတဲ့ အမျိုးသား လယ်ကွင်းထဲမိုင်းထိလို့ ခြေထောက်တဖက် ဆုံးရှုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ငါးဖမ်းသွားတဲ့အမျိုးသား ၁ ဦး မိုင်းထိတာကြောင့် ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းထိသူမှာ မုန်းမြို့အစွန်မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုစိုးရာဇာဆိုသူဖြစ်ပြီး မေ ၂၄ ရက် မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ၎င်းရဲ့နေအိမ်ကနေ မြို့မြောက်ဘက်ရှိလယ်ကွင်းတွေဆီ ငါးရှာရန်အသွား မုန်းနဲ့တုံးတောကျေးရွာအကြား လယ်ကွက်မှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"သူတို့က သာမာန်လက်လုပ်လက်စားပဲ။ မနေ့က ငါးဖမ်းဖို့ဆိုပြီး သွားတာ။ သူအိမ်နဲ့ ၂ ဖာလုံလောက်မှာ မိုင်းထိသွားတာ"လို့ မုန်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။.

မိုင်းထိတာကြောင့် ကိုစိုးရာဇာမှာ ဝဲဘက်ခြေချင်းဝတ်ပြတ်ထွက်သွားပြီး ယာဘက်ခြေသလုံးလည်းမိုင်းစထိမှန်ဒဏ်ရာရရှိသွားကာ ဒေသခံတွေက ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ဖြစ်ပွားခဲ့တဲ့ မုန်းမြို့သိမ်းတိုက်ပွဲအတွင်း မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ မုန်းသာစည်တံတား၊ ကော့ပြင်း စတဲ့စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်တပ်တွေ ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဗုံးသီးတွေနဲ့ မိုင်းလက်ကျန်တွေရှိနေတယ်လို့ သိရပါတယ်။

မေ ၁၈ ရက်ကမှာလည်း မုန်းမြို့နေထိုင်သူ အမျိုးသမီး ၂ ဦး မုန်းချောင်းအတွင်း ရေခပ်ဆင်းစဉ် မိုင်းထိတာကြောင့် ၂ ဦးစလုံး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မိုင်းထိသူအမျိုးသား ဆေးကုသမှုခံယူနေစဉ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ကျောက်ကြီး #မုန်း #မြေမြှုပ်မိုင်း #အန္တရာယ် #ခြေထောက်ပြတ် #မိုင်းလက်ကျန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10