ငွေ ၃ သောင်း လူငယ် ၇ ဦးနဲ့ စခဲ့တဲ့ မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ ၂ နှစ်ပြည့် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့တပ်ဖွဲ့ တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ဌာနချုပ်မှာပြုလုပ်ခဲ့တယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီကိုဦးတည်တိုက်ခိုက်နေတဲ့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဟာ ၂၀၂၂ မေ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးအခြေအနေရှုပ်ထွေးနေတာကြောင့် ၂ နှစ်ပြည့်အခမ်းအနားကို မလုပ်ဖြစ်ခဲ့ဘဲ မေလ ၂၁ ရက်မှာ မိုးတွေရွာနေတဲ့ကြားက မဖြစ်ဖြစ်အောင် လုပ်ဖြစ်တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၉ ကို ထောက်ပို့ရဲဘော် ၂ ဦး၊ ထုတ်လုပ်ရေးရဲဘော် ၁ ဦး၊ တိုက်ခိုက်ရေးရဲဘော် ၄ ဦး စုစုပေါင်း ၇ ဦး ငွေ ၃ သောင်းနဲ့ စတင် ဖွဲ့စည်းနိုင်ခဲ့တာလို့ သိရပါတယ်။ အဖွဲ့ကို ခုချိန်ထိ တစိုက်မတ်မတ် ရပ်တည်လာခဲ့တာလည်း အဖွဲ့က အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းလာခဲ့ရပြီး တပ်အင်အားကို စုစည်းနိုင်ခဲ့တယ်လို့ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။

အခုလို တပ်ဖွဲ့ ၂ နှစ်ပြည့်ချိန်မှာတော့ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိလာခဲ့ကာ စိတ်တူကိုယ်တူနဲ့ စစ်ကောင်စီကို လက်နက်မပြည့်စုံပေမယ့် ရှိတာလေးနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ၊ တပ်စခန်းတွေကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ကြတာပါ။ ဒီလို အခြေအနေတွေနဲ့  တိုက်ပွဲဝင်ရင်း ရဲဘော်တွေ အသက်ပေးခဲ့ရတာတွေလည်း ရှိနေခဲ့ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၉ က ရဲဘော်တွေဟာ မန္တလေး PDF ကနေ အညာဒေသကို အခြေချလာခဲ့တာလည်း ဖြစ်ပါတယ်။ အများစုက လူငယ်တွေ ဖြစ်ကြကာအညာဘက်ကို ရောက်လာပြီးနောက်မှ Myingyan Black Tiger-MBT ဆိုပြီး ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

၂ နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၂၀၀ ကျော်ပြီး စစ်ကောင်စီဘက်က ၃၀၀ ကျော်သေဆုံးခဲ့သလို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး အဖမ်းခံရတဲ့ရဲဘော် ၁၅ ဦးခန့်ရှိကာ ဒဏ်ရာရတာ ရဲဘော် ၂၀ ရှိတယ်လို့လည်း ဆိုပါတယ်။

ခုအချိန်အထိ ရဲဘော်အများစုက လက်လုပ်တွေနဲ့ပဲ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေဖြစ်သည့်အလျာက် သူတို့လျှောက်နေတဲ့လမ်းကို အဆုံးထိလျှောက်မယ်လို့ ခံယူထားကြကာ အောင်ပွဲခံမယ့် ပန်းတိုင်ကို ရောက်ဖို့ကိုလည်း ပြည်သူတွေအနေနဲ့  လက်နက်နဲ့ ခဲယမ်းတွေဖြည့်တင်းပေးနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်ထုတ်နိုင်မယ်လို့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မိုက်ခဲက တပ်ဖွဲ့ ၂ နှစ်ပြည့်မှာ တိုက်တွန်းလိုက်ပါတယ်။

တည်းဖြတ် - ငြိမ်း‌ဇာ်

#မြေလတ်အသံ

#မကွေး #ငွေ၃သောင်း #လူငယ်၇ဦး #တပ်ဖွဲ့စတင် #မြင်းခြံခရိုင်တပ်ရင်း၉ #၂နှစ်ပြည့် #ဗိုလ်မိုက်ခဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10