စက်သုံးဆီကို ပုံးနဲ့ရောင်းတဲ့ဆိုင် မီးလောင်လို့ အမျိုးသား ၁ ဦး ဒဏ်ရာရပြီး ကျပ်သိန်းရာချီဆုံးရှုံး

စက်သုံးဆီကို ပုံးနဲ့ရောင်းတဲ့ဆိုင် မီးလောင်လို့ အမျိုးသား ၁ ဦး ဒဏ်ရာရပြီး ကျပ်သိန်းရာချီဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရောင်းချနေတဲ့ဆိုင်မှာ ဧပြီလ ၁၉ ရက် ဒီကနေ့မနက် ၆ နာရီကျော်က မီးလောင်မှုဖြစ်ပွားလို့ အမျိုးသား ၁ ဦး ဒဏ်ရာရပြီး ကျပ်သိန်းရာချီ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ဆိုင်ဟာ စက်သုံးဆီကို ဂါလံပုံးတွေနဲ့ရောင်းချတာဖြစ်ပြီး ဆိုင်ဝန်ထမ်းတွေက ပေပါထဲကဆီကိုပုံးတွေထဲပြောင်းထည့်တာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"ဆီဆိုင်မီးလောင်တာဆိုတော့ ကုန်သလောက် ဖြစ်သွားတယ်။ သူ့ဆိုင်က ပန့်နဲ့ရောင်းတဲ့ဆိုင်တော့ မဟုတ်ဘူး။ ဂါလံပုံးတွေနဲ့ သယ်ပို့ရောင်းတဲ့ဆိုင်မျိုးပါ။ ကံကောင်းတာက ဘေးအိမ်တွေကို မီးမကူးသွားတာ။ အိမ်ခြေမကပ်တာတွေလည်း ပါတာပေါ့။ မဟုတ်ရင်တော့ တော်တော်ကုန်သွားမယ်" လို့ ပြောပါတယ်။

မီးလောင်ကျွမ်းတာကြောင့် ဆီဆိုင်အပါအဝင် ဆိုင်အတွင်းရှိဓာတ်ဆီပေပါတွေနဲ့ ဆိုင်နဲ့တွဲလျက်ရှိတဲ့နေအိမ်တွေမီးလောင်လို့ ကျပ်သိန်း ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးသွားပြီး ဆိုင်ဝန်ထမ်း ကိုရန်အောင်ဆိုသူမှာ လက်နဲ့ကျောပြင်တွေမှာ မီးလောင်ဒဏ်ရာရသွားကာ စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

မီးလောင်တဲ့ဆီဆိုင်ကို မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်နဲ့ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းမီးငြိမ်းသတ်လို့ မီးလောင်ပြီး ၁ နာရီကျော်လောက်မှ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ ၃ လမ်းမှာ ရေနွေးအိုးတည်ထားချိန် ဝါယာရှော့ဖြစ်ပြီး နေအိမ်မီးလောင်လို့ ညီအကို ၂ ဦး မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ်။

 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10