စက်သုံးဆီနဲ့ ဓါတ်မြေသြဇာဈေးအဆမတန်မြင့်တက်နေလို့ နွေစပါးစိုက်မယ့်တောင်သူတွေ စိတ်ပျက်နေ

စက်သုံးဆီနဲ့ ဓါတ်မြေသြဇာဈေးအဆမတန်မြင့်တက်နေလို့ နွေစပါးစိုက်မယ့်တောင်သူတွေ စိတ်ပျက်နေ

စစ်ကောင်စီက အာဏာသိမ်းယူပြီးချိန်မှစလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အထဲမှာ စက်သုံးဆီဈေးနဲ့ ဓါတ်မြေဩဇာဈေးလည်းပါဝင်တာမို့ နွေစပါးစိုက်မယ့် တောင်သူတွေ စိတ်ပျက်နေကြကြောင်း ဒေသခံလယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီဇယ်တပေပါကို ကျပ်တစ်သိန်းရှစ်သောင်း စျေးခန့် ဖြစ်ပြီးအခုရက်ပိုင်းပေါက်စျေးဟာ ၂သိန်း ရှစ်သောင်းကျပ် နီးပါး ဖြစ်ကာ အရင်ကပုလဲဓါတ်မြေသြဇာအိတ်တအိတ်ကိုကျပ် နှစ်သောင်းခြောက်ထောင် စျေးပေါက်ခဲ့ရာက အခုနှစ် နွေစပါးစိုက်ပျိုးတော့မယ့်အချိန်ပေါက်စျေးဟာ ကျပ် ၇ သောင်းကျော် စျေးပေါက်နေကြောင်း သိရပါတယ်။

နွေစပါးစိုက်ဖို့အတွက်​ ထွန်ယက်ရာမှာထွန်စက်ကိုအသုံးပြုကြပြီး စိုက်ပျိုးပြီးအပင်တွေကြီးထွားဖို့အတွက်ဆိုရင်လည်းဓါတ်မြေသြဇာကအဓိကပါဝင်တယ်လို့ဆိုပါတယ်။

"စပါးစိုက်မယ်ဆိုကတည်းက အရင်လိုကျွဲနဲ့နွားနဲ့မဟုတ်တော့ထွန်စက်သုံးရမယ် အဲမှာပဲဆီစျေးကတက်နေပြီ တဧကထွန်ယက်ခဘယ်စျေးပေါက်မယ်မသိသေးဘူး ဒီလိုပဲစပါးပင်တွေသန်ပြီးအပင်ပွားဖို့က ဓါတ်မြေသြဇာကိုအပင်ငယ်စဉ်ကတည်းက ကြွေးရတယ် အခုသူကစျေးတက်နေတယ်​သူတို့နှစ်မျိုးကအခြေခံပဲ အခြေခံကအစစျေးတက်တော့ လုပ်အားခပြန်ရဖို့တောင်မလွယ်လှဘူး"လို့ သဲကုန်းမြို့နယ်ထဲကလယ်သမားတဦးကပြောပါတယ်။

စပါးစိုက်ခင်းတွေမှာဓါတ်မြေသြဇာကို စပြီးစိုက်ပျိုးချိန်ကတည်းကအသုံးပြုရပြီးတဧကကိုတအိတ်ခွဲနှစ်အိတ်သုံးမှသာထွက်နူန်းကောင်းနိုင်ကြောင်းသိရပါတယ်။

"စပါးစိုက်ခင်းမှာ စပါးပင်သန်ပြီးအပင်ပွားအရေအတွက်များဖို့လိုတယ် အဲဒီလိုဖြစ်ဖို့ဆိုရင် ဓါတ်မြေသြဇာကို မြေခံမှာအရင်ထည့်ရတယ် ဒါမှစပါးပင်ကငယ်စဉ်ကတည်း အဟာရရပြီး ကြီးမယ်အပင်ပွားမယ် အနည်းဆုံး တဧကကို တအိပ်ခွဲနှစ်အိတ်ပက်မှအပင်အတွက်လိုအပ်တဲ့အဟာရမယ် ဒါကလယ်သမားတွေအခုသုံးနေကျပုံစံကိုပြောတာ တကယ်စနစ်တကျ အဟာရမျိုးစုံပါတဲ့မြေသြဇာကိုသုံးရင်ပိုပြီးကုန်ကျစရိတ်ရှိမယ်စပါးတော့ထွက်မယ် "လို့ အငြိမ်းစားစိုက်ပျိုးရေးဝန်ထမ်းတဦးကပြောပါတယ်။

အခုလိုအဓိကသွင်းအားစုတွေစျေးတက်တဲ့အတွက်စိုက်ဧကအနည်းငယ်သာပိုင်ဆိုင်တဲ့လုပ်ကွက်ငယ်လယ်သမားတဦးဟာ စိုက်ပျိုးလိုတဲ့သူကိုနွေစပါးတရာသီစာအခမဲ့စိုက်ပျိုးခိုင်းမယ်လို့သိရပါတယ်။

"ကျနော့မှာရှိတဲ့လယ်က ၄ ဧကကိုအခုနွေတသီးကိုတော့မစိုက်တော့ဘူး မိုးစပါးရောက်မှစိုက်မယ် ထွန်စက်စျေးကလည်းတက်အုံးမယ်ဓါတ်​မြေသြဇာစျေးကလည်းတက်တော့မပက်နိုင်ရင်ရူံးမယ် အဲတော့စိုက်ချင်တဲ့သူကိုစိုက်ခိုင်းမယ်အခပေးစရာမလိုဘူး"လို့ ပေါင်းတည်မြို့နယ် သပြေကြီးစုအုပ်စုကလယ်သမားတဦးကပြောပါတယ်။

နွေစပါးကို သွင်းအားစုအပြည့်အစုံနဲ့စနစ်တကျစိုက်ရင် စပါးတင်း ၇၀ ကနေ ၁၀၀ အိထွက်ကြောင်း အရင်နှစ်ကဆိုလျင် စပါးစျေးတင်းတရာကို ၆သိန်းစျေးနဲ့ရောင်းရတဲ့အတွက် တဧကကို ၂ သိန်းလောက်အမြတ်အစွန်းရကြောင်း ဓါတ်​မြေသြဇာစျေးကလည်းသင့်တင့်တဲ့အပြင်ငွေစိုက်ထုတ်နိုင်လိုရတာဖြစ်ကြောင်း နတ်တလင်းမြို့နယ်သက္ကယ်ကျင်းရွာက လယ်သမားတဦးက​​ဆိုပါတယ်။

လယ်သမားအများစုဟာ လုပ်ကွက်ငယ်တွေကိုသာပိုင်ဆိုင်ကြပြီးအရင်းအနှီးစိုက်ထုတ်နိုင်မူအားနည်းတာကြောင့် နှစ်စဥ်နွေစပါးစိုက်ပျိုးရပေမယ့် သိသာတဲ့ပြောင်းမူတွေကို မခံစားရသေးကြောင်း ဒေသခံလယ်သမားတွေက ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်းတော့ လာမဲ့နှစ်ဇန်နဝါရီလကစပြီး နွေစပါးစိုက်ပျိုးရေတွေစတင်ပေးဝေတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10