စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားဖို့အထိဖြစ်လာ

စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားဖို့အထိဖြစ်လာ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ စက်သုံးဆီရရှိဖို့ခက်ခဲလာတာကြောင့် လူမှုကူညီရေးအသင်းတွေအနေနဲ့ ကူညီမှုပေးရာမှာ အခက်အခဲတွေရှိလာပြီး အသင်းရပ်နားရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ 

သြဂုတ်လဆန်းပိုင်းကစပြီး တောင်ငူမြို့ပေါ်က ဆီဆိုင်ကြီးတွေနဲ့ လမ်းဘေးဆီဆိုင်ငယ်တွေမှာ ဆီကို အကန့်အသတ်နဲ့ ဝယ်ယူရတာကြောင့် လုံလောက်တဲ့ဆီမရတဲ့အပြင် စျေးနှုန်းကြီးမြင့်လာမှုတွေကြောင့် လူနာပို့ဆောင်ပေးဖို့အတွက် အခက်ကြုံနေရတာလို့ ဆိုပါတယ်။ 

"ခုက လူနာတင်ထားပြီးရင်တောင် ဆီရဖို့လိုက်ပတ်ရှာရတယ်။ ဒါလည်း မရတာကများတယ်။ ရတဲ့ဆိုင်ဆိုရင်လည်း စျေးကြီးပေးဝယ်ရတယ်။ နောက်ပြီး အသင်းတွေက အများအလှူငွေနဲ့ရပ်တည်ရတာဆိုတော့ အခမဲ့ပို့ပေးရတာကများတော့ ခရီးဝေးလူနာတွေအတွက် အခက်ခဲရှိလာတယ်။"လို တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

အရင်က တောင်ငူမြို့ကနေ ရန်ကုန်၊ နေပြည်တော် စတဲ့မြို့တွေက ဆေးရုံတွေအထိ လူနာတွေကို အခမဲ့ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လက်ရှိမှာ မြို့နဲ့အနီးဝန်းကျင်လောက်ကိုသာ ပို့ဆောင်ပေးနိုင်ပြီး လူနာရှင်ဘက်က ဆီအတွက် ကုန်ကျငွေကိုပေးမှသာ ခရီးဝေးကိုပို့ပေးနိုင်တော့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီအလွယ်တကူ ဝယ်ယူမရတော့ပါက ရေရှည်မှာလူနာတွေအတွက် အကူအညီပေးနိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် အသင်းရပ်နားရမယ့်အခြေနေထိရှိလာနေတယ်လို့ ဆိုပါတယ်။

တောင်ငူမြို့နယ်အတွင်းက လူမှုကူညီရေးအသင်းအများစုက အရေးပေါ်လူနာတွေအတွက် အခမဲ့ပို့ဆောင်နေတာများပြီး ပုဂ္ဂလိကဆေးရုံတွေကို ဆေးခန်းပြတာတွေအတွက်လောက်သာ လူနာရှင်တွေဆီက ဆီဖိုးပြန်လည် ကူညီပေးတာ၊ အလှူရှင်တွေရဲ့ ပူးပေါင်းကူညီလှူဒါန်းတာတွေကို လက်ခံပြီးရပ်တည်နေကြရတာဖြစ်ပါတယ်။ 

နောက်ထပ် ပရဟိတအသင်းတခုရဲ့တာဝန်ရှိသူတဦးကလည်း သူတို့အဖွဲ့ ရန်ကုန်ကိုလူနာသွားပို့ချိန် ဆီအလုံအလောက် မဖြည့်လာနိုင်တဲ့အတွက် လမ်းမှာကားဆီပြတ်သွားတာကြောင့် ဆေးရုံအထိလိုက်မပို့နိုင်ဘဲ လူနာကို နောက်ထပ်ပရဟိတအသင်းတခုနဲ့ လွှဲပြောင်းပေးလိုက်ရတယ်လို့ ဆိုပါတယ်။  

"ခုအချိန်က လူနာရှင်က ဆီထည့်ပေးမှ ရပ်ဝေးကို လိုက်ပို့နိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။ ခုလည်း ရန်ကုန်လူနာသွားပို့တဲကားတစီး ရန်ကုန်အသွား ဆီပြတ်နေလို့ ရောက်တဲ့နေရာရပ်ထားရတယ်။ ဒီအတိုင်းဆို ရေရှည်မှာ လူနာသယ်ပို့လုပ်ငန်းတွေ ရပ်ထားရတော့မှာ"လို့ တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူက ပြောပါတယ်

တောင်ငူမြို့နယ်အတွင်းမှာ ယခင်စစ်အာဏာမသိမ်းခင်က လူမှုကူညီရေးအသင်းပေါင်း ၃၆ သင်းထိရှိခဲ့ပြီး ယခု နောက်ပိုင်းမှာ ဆက်လက်လည်ပတ်နေတဲ့ အသင်းအရေအတွက်က ၁၀ သင်းလောက်တောင် မရှိတော့ဘူးလို့ တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

လက်ရှိတောင်ငူမြို့နယ်မှာ 92 တလီတာ ကျပ် ၄၀၀၀ ဝန်းကျင်နဲ့ 95 တလီတာ ၄၅၀၀ ကျပ်စျေးပေါက်နေပြီး ဩဂုတ် ၁၄ ရက် မနက်ပိုင်းထိ တောင်ငူမြို့ပေါ်ကဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်နေလို့ ဆီဆိုင်အများစု ပိတ်ထားရပြီး လမ်းဘေးဆိုင်တွေမှာလည်း အလွယ်တကူဝယ်မရတဲ့အခြေနေဖြစ်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စက်သုံးဆီ #အခက်အခဲ #ပရဟိတအသင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10