စကျင်မြို့ပေါ် တောကြီးမြွေပွေးအဖွဲ့ လှည့်လည်ပြီးနောက် စစ်ကောင်စီက အလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေး

မန္တလေးတိုင်း၊ စကျင်မြို့ပေါ်ကို  တောကြီးမြွေပွေးအဖွဲ့က လက်နက်အပြည့်အစုံဖြင့် လှည့်လည်ကာ ဈေးဝယ်ထွက်တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီး နောက်တနေ့မှာပဲ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

တောကြီးမြွေပေးအဖွဲ့က ယမန်နေ့ ဩဂုတ် ၅ ရက်မှာ မြို့ပေါ်ကိုဈေးဝယ်ထွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက ယနေ့ ဩဂုတ် ၆ ရက် နံနက် ၄ နာရီမှာ စစ်ကား ၄ စီးနဲ့ စကျင်ကျေးရွာနဲ့ အနီးနားကျေးရွာတွေကို ဝင်ရောက်ကာ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

"စကျင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ မနက်၄နာရီကျော်မှာ ဝင်လာပြီး တပ်စွဲထားသလို အဲ့ဒီစစ်ကြောင်းက အင်အားခွဲပြီးတော့ စကျင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြွေပုံကန်ရွာအနီးက တောင်တန်းမှာလည်း တပ်စွဲထားပါတယ်။" လို့ မတ္တရာ PDF တဦးက ဆိုပါတယ်။

ဒါ့အပြင် စကျင်ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက မနက်၁၀နာရီလောက်မှာ လက်နက်ကြီး ၁၀ လုံး ရမ်းသမ်းပစ်ခတ်ခဲ့သလို လက်ရှိအချိန်ထိ(နေ့လယ် ၁ နာရီခန့်) စစ်ကောင်စီတပ်က စကျင်ရွာထဲရှိနေသေးကာ ဒေသခံတွေလည်း ရွာထဲပိတ်မိနေကြတယ်လို့ ပြောပါတယ်။

"ရွာခံအမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ကြားသိရပေမယ့် အတည်ပြုလို့မရသေးဘူး"လို့ မတ္တရာ PDF က ဆက်ပြောပါတယ်။

မန္တလေးတိုင်းအတွင်းရှိ စကျင်မြို့ပေါ်ကို စစ်ကောင် စီတပ်တွေက PDF တပ်ဖွဲ့တွေကို သေရဲတဲ့ကောင်တက်ခဲ့လို့ စိန်ခေါ်ပြောဆိုမှုတွေရှိလို့ တောကြီးမြွေပွေးအဖွဲ့က မြို့ပေါ်တက်ပြီး နယ်မြေစူးစမ်း ဈေးဝယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"သူတို့ပြောခဲ့သလို သေရဲတဲ့ကောင်ထွက်ခဲ့ဆိုလို့ ကျွန်တော်တို့လည်း သေရဲတယ်၊ သွားတယ်။ စကျင်ရွာဆိုတာ လက်နက်ကိုင်ပြီးမြို့ပေါ်ထွက်တာ ကျွန်တော်တို့ ပထမဆုံးပဲ။ တော်လှန်ရေးအင်အားစုတွေ ဒီလိုမျိုးသွားဖို့ ဘယ်သူမှ အဆင်သင့်မဖြစ်ကြသေးဘူး။ အဲ့ဒီ မြို့ပေါ်မှာ ပျူစောထီးတွေ၊ သတင်းပေးတွေ၊ စစ်ကောင်စီတပ်ကကောင်တွေရှိတာ ကျွန်တော်တို့သိတယ်။ သူတို့ပစ်ရင် ကျွန်တော်တို့လည်း ပစ်ဖို့အဆင်သင့်ပဲ" လို့ တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက မြေလတ်အသံကို ဩဂုတ် ၅ ရက်က ပြောဆိုထားပါတယ်။

စကျင်မြို့ဟာ မတ္တရာမြို့မှ ကားနဲ့သွားပါက ၁၀ မိနစ်ခန့်သာသွားရတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီတပ် တွေအများအပြား သွားလာလှုပ်ရှားတဲ့မြို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ၊ 

#သတင်း #ရုပ်သံ #စကျင် #တောကြီးမြွေပွေး #စစ်ကောင်စီ #ပိတ်ဆို့စစ်ဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10