စခန်းစီးနင်းခံရချိန်‌ ပျောက်ဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို မီးရှို့ခံထားရတဲ့ ပြာပုံအဖြစ်နဲ့ပြန်တွေ့

စခန်းစီးနင်းခံရချိန်‌ ပျောက်ဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို မီးရှို့ခံထားရတဲ့ ပြာပုံအဖြစ်နဲ့ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာအနီးက M7 PDF စခန်း လေကြောင်းနဲ့ ပစ်ခတ်စီးနင်းခံရချိန် ပျောက်ဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို ရုပ်အလောင်းတွေ မီးရှို့ခံထားရတဲ့ ပြာပုံအနေအထားနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီလ ၆ ရက် မနေ့ ညနေ ၅ နာရီဝန်းကျင်မှာ စခန်းအနီးကလျှိုအတွင်း ရဲဘော်တွေရဲ့ရုပ်အလောင်းတချို့ကို ဆိုင်ကယ်တွေနဲ့အတူ မီးပုံရှို့ထားခဲ့တာကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းအထိ ဆက်လက်ရှာဖွေခဲ့ပေမယ့် မတွေ့ရှိတဲ့အတွက် ၇ ဦးစလုံး ကျဆုံးသွားပြီလို့ပဲ သတ်မှတ်လိုက်တာလို့ M 7 People's Defense Army အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။



“ပြာပုံမှာက လူအယောက်ရယ် မသိရဘူး။ အရိုးကို ပြာကျအောင် ရှို့ထားတာဆိုတော့ ခန့်မှန်း ၄၊ ၅ ယောက် လောက်ပေါ့။ ၂ယောက်လောက်ကတော့ လွတ်နိုင်တဲ့အနေထား ရှိသေးတယ်ဆိုပြီး စခန်းနဲ့ တော်တော်ဝေးတဲ့ နေရာတွေအထိ လိုက်ရှာပြီးပြီ။ မတွေ့တော့လို့ ၇ ယောက်လုံး အသက်ပေးလိုက်ရပြီလို့ သတ်မှတ်လိုက်ပါပြီ"
လို့ ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် လေယာဉ်နဲ့စီးနင်းပစ်ခတ်ချိန် ရဲဘော် ၂ ဦးဟာ ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ကျန် ရဲဘော် ၅ ဦးက ဖမ်းဆီးရိုက်နှက်ပြီးမှ သတ်ဖြတ်ကာ မီးရှို့ထားခဲ့တာလို့ သူကဆက်ပြောပါတယ်။


သေဆုံးသွားတဲ့ရဲဘော်တွေဟာ အသက် ၂၀ ဝန်းကျင် ရဲဘော် ၃ ဦး နဲ့ ၂၅ နှစ်ဝန်းကျင် ရဲဘော် ၄ ဦး ဖြစ်ပြီး၊ သက်ဆိုင်တဲ့မိသားစုတွေကိုလည်း လက်လှမ်းမီသလောက်အကြောင်းကြားထားပြီးဖြစ်ကာ သေဆုံးသွားသူတွေအတွက် အမိန့်ပြန်တမ်းဖတ်ပြီး သက်ပျောက်ဆွမ်းကပ်သဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းစီးနင်းခံရမှုအတွင်း ရဲဘော် ၇ ဦးသေဆုံးခဲ့တဲ့အပြင် M4 ၁ လက်၊ AK ၁ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၆ လက်၊ ၆၀ မမစိန်ပြောင်း ၁ လက်နဲ့ ဗုံးသီးတွေ၊ မီးစက်၊ ဆိုင်ကယ် ၄ စီးနဲ့ ရဲဘော်တွေ ကိုင်ဆောင်တဲ့ဖုန်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို စခန်းနေရာအတိကျကို လေကြောင်းကနေ စီးနင်းခံရတာဟာ စခန်းကိုရောက်ဖူးတဲ့ သတင်းပေးဒလန်တဦးကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10