စခန်းစီးနင်းခံရလို့ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ပြီး တဦးသေဆုံး

စခန်းစီးနင်းခံရလို့ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ပြီး တဦးသေဆုံး

စခန်းစီးနင်းခံရလို့ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ပြီး တဦးသေဆုံး 

 

မြောင်၊ မတ် ၁၆၊ ၂၀၂၃။

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်အုပ်စုက စစ်ကြောင်း ၂ ကြောင်းထိုးကာ ဝင်ရောက်လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပင်မစခန်းတခုကို စီးနင်းခဲ့ရာ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ကာ ရဲဘော်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

မတ်လ ၁၅ ရက်မနေ့ကမနက် ၆ နာရီလောက်မှာ ကျောက်ရစ်ရွာက ထွက်လာတဲ့စစ်ကြောင်းဟာ ကာကွယ်ရေးရဲဘော်တွေ ခေတ္တရှောင်တိမ်းနေတဲ့နေရာကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

 

“စိုးရိမ်ရတဲ့ ရဲဘော်တဦး ပါတယ်။ ရဲဘော်တယောက်က ကာပစ်ရင်း ရင်ဘတ်ရှပ်မှန်တယ်။ တယောက်က ဦးခေါင်းရှပ်မှန်တယ်။ စုထားတာတွေအကုန်ပါသွားတော့ အခက်အခဲဖြစ်နေတယ်။ ရိက္ခာတွေရောပဲ။ ရိက္ခာက လုံးဝကိုမရှိတော့တာမို့ အရေးပေါ်လိုအပ်နေတယ်" လို့ လွတ်မြောက်လာတဲ့ ရဲဘော်တဦးက ပြောပါတယ်။

 

မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MNPDF Myit Nge နဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့ရဲ့ ပူးပေါင်းပင်မစခန်း စီးနင်းခံခဲ့ရပြီး အသက် ၄၅ နှစ်အရွယ် ရဲဘော်တဦး ကျဆုံးကာ၊ ၄ ဦး ဒဏ်ရာရပြီး ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

 

စခန်းစီးနင်းခံရလို့ ကာလတန်ဖိုး သိန်းတထောင်ကျော် ဆုံးရှုံးခဲ့ပြီး၊ ယူနီဖောင်း အထည် ၃၀၀၊ ဦးထုပ် ၁၅၀၊ အီကွေ့မန့်  ၂၅စုံ၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ အူစီသေနတ် ၃ လက်၊ ကိုးလုံးကျည် ၁၀ လက်၊ ကာဘိုင် ၁၀ လက်၊ လက်ပစ်ဗုံး ၂၀၊ ယမ်း ၅ ပိဿာ၊ ထိကွဲလောင်စာဗုံး အလုံး ၃၅၀၊ G3 ကျည် ၂၀၀၊ 7.62 ကျည် ၂၅၀၊ 5.56 ကျည် ၁၅၀၊ 9 MM ကျည် ၂၀၀၊ ဖုန်း အလုံး ၅၀၊ ဆိုင်ကယ် ၁၀ စီး၊ ဒရုန်း ၃ စီး၊ အီနာဂါ ၅ လုံး၊ ၉ လုံးကျည် ၂၅၀၊ မိုင်း အလုံး ၂၀၊ ရှေ့ထွက်ပြောင်း ၁၅ လုံး၊ အတို ၁ လက်၊ ကျည်ကာ ၁၀ ထည်၊ မီးစက်၊ ကျောက်စက်၊ တွင်ခုံ၊ အဝတ်အစား၊ ရိက္ခာ စတာတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

 

စခန်းစီးနင်းမခံရခင် တရက်အလို မတ်လ ၁၄ ရက်ကလည်း အဆိုပါစစ်ကြောင်း ၂ ကြောင်းထဲက ဘီလူးစစ်ကြောင်းလို့ခေါ်တဲ့ စစ်ကြောင်းတခုကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

 

သတင်း - ချယ်ရီ၊ စာတည်း - လင်း

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10