စခန်းရှေ့မူးပြီးကနေတဲ့ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများဟုဆို

စခန်းရှေ့မူးပြီးကနေတဲ့ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေက စခန်းရှေ့မှာ သောက်စားမူးပြီးကနေချိန် ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Zero ပြောက်ကျားတပ်မဟာ မြင်းခြံခရိုင် တပ်ရင်း ၇ အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၁၅ ရက်သင်္ကြန်အကြတ် ဒီကနေ့ညနေ ၄ နာရီဝန်းကျင်မှာ GPS(တည်နေရာပြ)စနစ်ပါတဲ့ ၈၀ မမ ဗုံးသီးနဲ့ ၁ ကြိမ်ပစ်ချခဲ့ပြီး၊ ညနေ ၅ နာရီခန့်မှာ ၄၀ မမ ဗုံးသီးနဲ့ ထပ်မံပစ်ချခဲ့တာလို့ မြင်းခြံခရိုင် PDF တပ်ရင်း-၇ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။


“ပထမ GPS စနစ်ပါတဲ့ ၈၀ မမ ဗုံးသီးနဲ့ပစ်ချတာမှာ သူတို့ကနေတဲ့ အလည်တည့်တည့်ကိုကျတယ်။ ကနေတာ ၁၈ ကောင်လောက်ရှိတယ်၊ အပစ်ခံရလို့ ဘန်ကာ ၂ ထပ်ပေါ်ကို ၈ ကောင် တက်သွားတဲ့အချိန် ၄၀ မမ၊ ၈၀ မမတွေနဲ့တပြိုင်တည်းပစ်ချတာ ထပ်ပြီးသေတယ်” လို့ သူကပြောပါတယ်။

ထီးဆောင်းရွာမှာ တပ်မ ၃၃ က စစ်သားတွေနဲ့ မြင်းမူမြို့ပေါ်ကရဲတွေ၊ ဒေသခံပျူစောထီး စုစုပေါင်း အင်အား ၅၀ ခန့်တပ်စွဲထားတာဖြစ်ပြီး၊ သင်္ကြန်အကြိုနေ့ကတည်းက လမ်းသွား၊လမ်းလာတွေကနေ ငွေကြေးတောင်းခံကာ သောက်စားမူးရူးနေကြတာလို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗုံးပေါက်ကွဲတာကြောင့် စစ်အုပ်စုဘက်က ၁၂ ဦးသေဆုံးပြီး၊ ၈ ဦးဒဏ်ရာရကာ ဒဏ်ရာရရှိသူတွေကို မြင်းမူမြို့ပေါ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ PDF က ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလိုတိုက်ခိုက်တာဟာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်တိုက်ခိုက်တာဖြစ်ပြီး လက်ရှိအချိန်မှာ ထီးဆောင်းရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ နဂါးနီ တပ်ရင်း၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၅ ရက်ကလည်း ဆားတောင်မြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်သားတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အဖွဲ့က ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်အုပ်စုကိုတိုက်ခိုက်ခဲ့သည့် ၈၀ မမ၊ ၄၀ မမ ဗုံးသီးများ။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10