စခန်းသိမ်းတိုက်ပွဲ အစီအစဥ်တွေထဲက တခုဖြစ်တဲ့ မအူရဲကင်းတိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရဲကင်းစခန်းကို မဟာမိတ် ၄ ဖွဲ့နဲ့အတူ ဒရုန်းအဖွဲ့ကပါ ပူးပေါင်းပြီး မြေပြင်ရော ဝေဟင်ကပါ စခန်းသိမ်း စစ်ဆင်ရေး ပြုလုပ်ခဲ့ကြပါတယ်။
အခုလ ဧပြီ ၃ ရက် မနက် ၅ နာရီလောက်ကစပြီး စခန်းသိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကာ ၈ နာရီကျော်လောက်မှာ စခန်းတွင်း ဝင်ရောက်နိုင်ခဲ့ပြီး စခန်းမှူး အပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပ.က.ဖ က တာဝန်ခံက ပြောပါတယ်။


"သတင်းအတိအကျ မသိရသေးခင်က ၇ ယောက်လို့ ထုတ်ပြန်လိုက်တာ။ အခုက ၁၀ ယောက်တဲ့ သတင်းအတိအကျ ပြန်ရတာပါ" လို့ ပြောပါတယ်။

အဲ့ဒီနေ့က စခန်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကတော့ မဟာမိတ် ၄ ဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်အတွက် ရန်သူ့စစ်ကြောင်းတွေအပြင် စခန်းတွေကိုသိမ်းဖို့ အစီအစဥ်တွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မြေပြင် မဟာမိတ် ၄ ဖွဲ့ပေါင်း ကျည် ၆၀၀၀ နီးပါး ကုန်ခဲ့သလို ပါသမျှကျည် လုံးဝ ကုန်သွားခဲ့လို့ ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

NUG MOD အနေနဲ့ လက်ရှိမြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို လက်နက်မဟုတ်ဘဲ ကျည်ထောက်ပံ့ပေးနိုင်ရင် ဒီထက်မက စခန်းစသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ မြိုင်မြို့နယ် ပ.က.ဖ က တာဝန်ခံ ဗိုလ် Cross က ပြောပါတယ်။

တိုက်ပွဲမှာ ကျည်လုံလောက်မှု မရှိတဲ့အပြင် စစ်ကောင်စီဘက်က လေယာဥ်ပစ်ကူနဲ့ မြေပြင်စစ်ကူတွေရောက်လာခဲ့လို့ စခန်းအချို့မီးရှို့နိုင်ခဲ့ပြီး ဒရုန်းဖျက်လက်နက်နဲ့ အခြားလက်နက်အချို့သာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မအူရဲကင်းစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ ၊ မြိုင် ပကဖ တပ်ရင်း ၂ ၊ ဆားလင်းကြီးအဖွဲ့ နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်တို့ ၄ ဖွဲ့အပြင် ဆားလင်းကြီးအဖွဲ့ရဲ့ တပ်ခွဲဖြစ်တဲ့ Salingyi Spaceman Drone Army( SSDA) ကလည်း ဝေဟင်က ပါဝင်တိုက်ခိုက်ခဲ့တာပါ။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10