စခန်း ၂ ခုသိမ်းနိုင်ခဲ့တဲ့ နတ်သံကွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းအဖွဲ့က ၃ ဦးသေ ၇ ဦးဒဏ်ရာရ

စခန်း ၂ ခုသိမ်းနိုင်ခဲ့တဲ့ နတ်သံကွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းအဖွဲ့က ၃ ဦးသေ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ KNU တပ်မဟာ ၃နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းတပ်ဘက်က ၃ ဦးသေဆုံးကာ ၇ ဒဏ်ရာရပေမယ့် စခန်း ၂ ခု သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက် မနက် ၄ နာရီခန့်မှာ KNLA ပူးပေါင်းတပ်တွေက နတ်သံကွင်း အမှတ် ၆ ရပ်ကွက်ရှိ ရဲစခန်းနဲ့ ရေတွင်းကုန်းနားရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို စစ်ကြောင်း ၄ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ကြီး PDF တပ်ရင်း ၉ တာဝန်ရှိသူက ပြောပါတယ်။

"စကစဘက်က စစ်ကူမလာနိုင်အောင် ဘုံသတောတံတားကို ချိုးခဲ့တယ်။ စခန်း ၂ ခုစလုံး သိမ်းနိုင်ခဲ့တယ်။ စကစဘက်က လေယာဥ် ၂ စီးနဲ့ ၆ ကြိမ် ဗုံးလာကြဲတယ်။ ခုလောလောဆယ်တော့ အခြေနေကို စောင့်ကြည့်နေရတယ်။ မနက် ၇ နာရီလောက်ထိ တိုက်ပွဲဖြစ်ခဲ့တယ်။ စခန်းသိမ်းနိုင်ပေမယ့် စကစဘက်က လေယာဥ်နဲ့လာလို့ မီးရှို့ဖျက်ဆီးတာတော့ မလုပ်နိုင်ခဲ့ဘူး။"လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်တွေဘက်က ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်နဲ့လာပစ်လို့ ဒေသခံနေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး နတ်သံကွင်းနဲ့ ရေတွင်းကုန်းဘက်က ဒေသခံ ထောင်ချီစစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ကူမလာနိုင်အောင် ကျောက်ကြီးနဲ့ နတ်သံကွင်းကို ဆက်ထားတဲ့  ပေ ၇၂၀ ရှည်တဲ့ ဘုံသတောတံတားကို မိုင်းခွဲချိုးဖျက်ခဲ့လို့ ပေ ၂၀၀ လောက်ပြိုကျ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စခန်း ၂ ခုသိမ်းနိုင်ခဲ့လို့ စစ်ကောင်စီဘက်က MA 1၊ MA 3၊ MA4 သေနတ် ၃လက် အပါအဝင် လက်နက်အချို့သိမ်းဆည်းရမိခဲ့သလို မိုင်းရှာစက်၊ နင်းမိုင်းများ၊ ကျည်ဆံ၊ ကျည်ဘောက်၊ စစ်ဝတ်စုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - ဇို

#မြေလတ်အသံ

#နတ်သံကွင်း #တိုက်ပွဲ #ဘုံသတောတံတား #ဖောက်ခွဲ #စခန်းသိမ်း #KNLA #PDF #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10