စင်မြင့်ရွာမီးရှို့ခံရတဲ့ဖြစ်စဥ်ကို အကြမ်းဖက်ရွာလေကြောင်းတိုက်ခိုက်တာလို့ စစ်တပ်ထောက်ခံသူတွေဝါဒဖြန့်  (Fact Check)

စင်မြင့်ရွာမီးရှို့ခံရတဲ့ဖြစ်စဥ်ကို အကြမ်းဖက်ရွာလေကြောင်းတိုက်ခိုက်တာလို့ စစ်တပ်ထောက်ခံသူတွေဝါဒဖြန့်  (Fact Check)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့မှုဖြစ်စဉ်အပေါ် အကြမ်းဖက်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ယက်မှာ သတင်းအမှား ဖြန့်ဝေနေပါတယ်။ 

 

■ သတင်းအမှားပျံ့နှံ့မှု ■

“ အုတ်ဖိုမြို့နယ်စင်မြင့်အကြမ်းဖက်ရွာကိုလေကြောင်းအစာကောက်။(မူရင်းရေးသားချက်အတိုင်း)”ဟုဆိုကာ မီးလောင်ပျက်စီးနေတဲ့ ကျေးရွာမြင်ကွင်းရုပ်သံနဲ့အတူ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး အကြမ်းဖက်ရွာလို့ ရေးသားထားပေမယ့် ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ အမည်တပ်ဖော်ပြတာ မတွေ့ရပါဘူး။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၂၈,၃၀၀ ကျော်ရှိ Ye Yint Htet တယ်လီဂရမ်ချန်နယ်မှ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၈ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၁၅,၇၀၀ ကျော် Reaction ၁၀၂ ခု ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် အထက်ပါအကြောင်းအရာကို Ye Yint Htet တယ်လီဂရမ်ချန်နယ်က ဖော်ပြပြီးတပြိုင်တည်းမှာပဲ Subscribers ၇၂,၂၀၀ ကျော်ရှိ Snow Queen တယ်လီဂရမ်ချန်နယ်နဲ့ Subscribers ၉,၀၀၀ ကျော်ရှိ စစ်လွန်းမောင် တယ်လီဂရမ်ချန်နယ်တို့က မူရင်းဖြန့်ဝေသူနဲ့ မိနစ်ပိုင်းသာခြားပြီး ထပ်ဆင့်ဖော်ပြခဲ့တာကို တွေ့ ရှိရပါတယ်။

သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Ye Yint Htet တယ်လီဂရန်ချမ်နယ် မှ ဖော်ပြမှု - https://archive.ph/37qls

Snow Queen တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/8h4oe

စစ်လွန်းမောင် တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/LzilT

အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မပြည့်စုံဘဲဖော်ပြထားတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖော်ပြချက်ပါ နေရာဖြစ်တဲ့ “အုတ်ဖိုမြို့နယ်၊ စင်မြင့်ကျေးရွာ” စာသားနဲ့ Google မှာ  ရှာဖွေကြည့်ရာ “Shwe Phee Myay News Agency” ရဲ့ Facebook မှာ “အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့မှုဖြစ်၊ စစ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ” ဆိုတဲ့သတင်းကိုတွေ့ရှိရပြီး သတင်းဖော်ပြချက်မှာ စစ်ကောင်စီတပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဆက်လက်ပြီး Google မှာ “အုတ်ဖိုမြို့နယ်၊ စင်မြင့်ကျေးရွာ” ဆိုတဲ့စာသားနဲ့ ဆက်လက်ရှာဖွေရာမှာ “People's Spring” ရဲ့ Facebook မှာ “အုတ်ဖိုမြို့ နယ် စင့်မြင့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိဟု PDF ပြော ” ဆိုတဲ့သတင်းကိုလည်းတွေ့ရှိခဲ့ရပြီး အဆိုပါသတင်းတွေဖော်ပြချက်အရ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ စင်မြင့်ရွာအနီး စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ Facebook စာမျက်နှာကို ရှာဖွေကြည့်ခဲ့မှာတော့ သတင်းမှားဖော်ပြရာမှာ အသုံးပြုထားတဲ့ ရုပ်သံမူရင်းကို တွေ့ရှိခဲ့ရပြီး ဖေဖော်ဝါရီ ၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်မှာ ရုပ်သံထုတ်ပြန်ချက် ဖော်ပြထားတာ ဖြစ်ပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့မှုဖြစ်၊ စစ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြောင်း Shwe Phee Myay News Agency မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

အုတ်ဖိုမြို့နယ် စင့်မြင့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟု PDF ပြောကြောင်း People's Springမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

စင်မြင့်ရွာမှ နေအိမ် ၁၆ လုံးအား စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးသွားသည်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ်တွေ့မြင်ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ထုတ်ပြန်ချက် - ထုတ်ပြန်ချက်ကြည့်ရန်

ဒါကြောင့် အကြမ်းဖက်ရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းဖြန့်ဝေမှုဟာ အချက်အလက်မပြည့်စုံဘဲဖော်ပြထားတဲ့ သတင်းအမှားတခုသာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းက စင်မြင့်ကျေးရွာကို ဝင်ရောက်မီးရှို့ပြီးနောက် မြင်ရသည့် မြင်ကွင်းရုပ်သံကို အသုံးပြုဖော်ပြထားတာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့ အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ Ye Yint Htet တယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ Snow Queen တယ်လီဂရမ်ချန်နယ်နဲ့ စစ်လွန်းမောင် တယ်လီဂရမ်ချန်နယ်တွေကလည်း သတင်းတု/သတင်းမှားတွေ တင်ဆက်နေတာကိုတွေ့ရှိရသလို အဆိုပါ တယ်လီဂရန်ချန်နယ်တွေဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်းဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။ 

Ye Yint Htet တယ်လီဂရမ်ချန်နယ် - https://archive.ph/LazMx

Snow Queen တယ်လီဂရမ်ချန်နယ် - https://archive.ph/cTedh

စစ်လွန်းမောင် တယ်လီဂရမ်ချန်နယ် - https://archive.ph/StcRo

၎င်းချန်နယ်တွေ ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Ye Yint Htet တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/S7kpM

Snow Queen တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/PkM6w

 

■ သုံးသပ်ချက် ■

စစ်ကောင်စီတပ်ဖွဲ့ဟာ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာ အနီးရှိကျေးရွာနေအိမ်တွေကို မီးရှို့တာနဲ့ လေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်လေ့ရှိပြီး အဆိုပါတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ် PDF တွေကိုသာ တိုက်ခိုက်တာဖြစ်ကြောင်း လုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားရာနေရာအနီးကကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ပတ်သက်ပြီး CDM တပ်မတော်သားတဦးက  “ သူတို့(စစ်ကောင်စီတပ်ဖွဲ့)က တိုက်ပွဲဖြစ်ရင် နီးတဲ့ရွာကိုဝင်ပြီးသောင်းကျန်းမယ် မီးရှို့မယ်။ ဒါမှနောက်ကို သူတို့လာရင် လာမပစ်ရဲ မတိုက်ရဲအောင်လို့။ ပစ်တာခတ်တာလုပ်ရင် သူတို့ထိရင် မင်းတို့ဒီနားက ရွာတွေကလည်း ဒီသူပုန်(တော်လှန်ရေးတပ်ဖွဲ့)တွေနဲ့ အတူတူပဲဆိုပြီး လုပ်တာ။ နောက်တခုက ဒီလိုလုပ်တဲ့အခါကျတော့ ရွာနာတယ်ပေါ့ဗျာ။ ငါတို့ရွာနားမှာ လာမတိုက်ကြနဲ့ဆိုတာမျိုး ဖြစ်လာအောင် ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကို ရန်တိုက်ပေးတဲ့သဘောလည်းပါတယ်။” လို့ ဆိုပါတယ်။

အလားတူ ယမန်နှစ် စက်တင်ဘာ ၃၀ ရက်မှာ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ကိုပြန်မဲ့ အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတခုလုံး စီပါရွာအနောက်တောင်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းတိုက်ခိုက်မှု ခံခဲ့ရပြီးနောက် အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က စီပါရွာကိုဝင်ရောက်ပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် ကိုယ်ခန္ဓာတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာဟာလည်း အထက်ပါသဘောမျိုးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဘုတလင်တိုက်ပွဲတွင် ရန်သူ့စစ်ကြောင်း အကုန်ချေမှုန်းခံရကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် NUG (MOD) မှ သတင်းထုတ်ပြန်ချက် - ထုတ်ပြန်ချက်ကြည့်ရန်

စီပါရွာ သတ်ဖြတ်မှုဖြစ်စဉ်အကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် Myanmar Now မှ ရေးသားသည့် စီပါရွာမှ လူ့ငရဲ - သတင်းကြည့်ရန်

အခုဖြစ်စဉ်ဟာဆိုရင်လည်း စစ်ကောင်စီတပ်က ၎င်းတို့နဲ့တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာအနီးကရွာကို ဝင်ရောက်မီးရှို့ခဲ့မှုဖြစ်စဥ်အပေါ် စင်မြင့်ရွာဟာ အကြမ်းဖက်ရွာဖြစ်လို့ လေကြောင်းတိုက်ခိုက်ခဲ့ရာက မီးလောင်နေတာဖြစ်ကြောင်း ဖော်ပြထားတဲ့ သတင်းတု၊ သတင်းမှားသာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကိုနဲ့ နေရာဒေသ မြို့၊ရွာ အမည်တွေကို Google ကနေ ရှာဖွေတိုက်ဆိုင်စစ်ဆေးဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုနဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်တွေကိုလည်း ရှာဖွေကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #အုတ်ဖို #စင်မြင့်ရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10