စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်ပုံလွှာ)

စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်ပုံလွှာ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ အရာတော်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ အဆင်သင့်ဖြစ်နေပါပြီ။ အချိန်က ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီကျော်။ သူတို့ဟာ အရာတော်မြို့နယ်၊ ကမ်းဖြူရွာ၊ ဘုန်းကြီးကျောင်းဘေးနားက ဖြတ်သွားမယ့် စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၆ စီးကို တိုက်ခိုက်ကြဖို့ပါ။  

အဲဒီလိုတိုက်ခိုက်ဖို့စောင့်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမှာ GZ တပ်တော်က ရဲဘော်ပြားကြီးလည်း အပါအဝင်ဖြစ်ပါတယ်။ အခုမစ်ရှင်မှာ သူလုပ်ရမယ့်တာဝန်က မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်ကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။

သူတို့စောင့်ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်းအနီးကနေ စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၃ စီး ဦးစွာမောင်းနှင် သွားခဲ့ပါတယ်။ မော်တော်ယာဉ်ပေါ် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မပါကြောင်း ကင်းထောက်တွေက သတင်းပေးထားတာကြောင့် သူတို့က မပစ်ခဲ့ပါဘူး။ 

တကယ်တမ်းကျ ဒီစစ်ကားသုံးစီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ပါလာရာ တော်လှန်ရေးသမားတွေကို တွေ့ပြီး သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စောင့်ဆိုင်းနေတဲ့ စစ်ကားတစီးဟာ တော်လှန်ရေးအဖွဲ့ တွေရှိရာနေရာသို့ ရောက်လာပါတော့တယ်။ 

ဒီအခါမှာ  အမိန့်ပေးသံတွေနဲ့အတူ RPG ထမ်းပြီး စောင့်ဆိုင်းနေတဲ့ ရဲဘော်ပြားကြီးဟာ သူ့အရှေ့ ပေ ၂၀ အကွာ ကားလမ်းပေါ်က မောင်းနှင်သွားတဲ့ စစ်ကားကို RPG နဲ့ပစ်ခတ်လိုက်ပါတယ်။ 

သူ့ရဲ့ပစ်ချက်ဟာ ကားရဲ့ ဓာတ်ဆီတိုင်ကီကို တည့်တည့်ထိမှန် ပေါက်ကွဲပြီး စစ်ကားမီးလောင်‌သွားခဲ့ပါတယ်။ မီးလောင်ပြီး လမ်းဘေးထိုးရပ်သွားတဲ့ စစ်ကားကို တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်လိုက်ကြပါတယ်။ 

သေနတ်သံတွေဟာ သွပ်ခေါင်မိုးအပေါ် မိုးသီးမိုးပေါက်တွေကျတဲ့အလား “တဒိုင်းဒိုင်း”နဲ့ အဆက်မပြတ်ဆူညံလို့ သွားပါတယ်။

ရဲဘော်ပြားကြီး ပထမဆုံးပစ်လိုက်တဲ့စစ်ကားဟာ ဆီတိုင်ကီကို ထိမှန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ ထိုးရပ်သွားပါတယ်။ ဒုတိယအစီးကို ပစ်ခတ်ရာမှာ ကားနောက်ဘီးကို ထိမှန်ခဲ့သလို တတိယစစ်ကား တစီးကိုလည်း တည့်တည့်မတ်မတ်ထိအောင်ပစ်နိုင်လို့ အဲဒီနေ့မှာ ရဲဘော်ပြားကြီးဟာ စစ်ကားသုံးစီးကို RPG လက်နက်နဲ့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။  

ဖမ်းဆီးရမိသည့် တပ်သားသစ်များ။
ဖမ်းဆီးရမိသည့် တပ်သားသစ်များ။

တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၁၂ ရက်မှာ မုံရွာ နမခ ထပရ ၉၂၉ (အမှတ် ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) ကနေ အရာတော်မြို့နယ် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့် ရေးတပ် (စခတ ၁၀)မှာ စစ်သင်တန်းတက်ရောက်မယ့် တပ်သားသစ် ၂၅၀ ကို  ၁၂ ဘီးကား ၅ စီး၊ Express ကား ၁ စီးနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီမစ်ရှင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ကား ၃ စီး ပျက်စီးခဲ့ပြီး ဗိုလ် ၁ ဦးအပါအဝင် သင်တန်းသားသစ် ၂၀ နီးပါးသေဆုံးခဲ့ပြီး ၅၀ ခန့်ဖမ်းမိခဲ့ပါတယ်။ 

လက်နက်ငယ် ၇ လက်၊ ကျည်မျိုးစုံ ၅,၅၀၀ ဝန်းကျင်၊ ဗုံးသီးမျိုးစုံ အလုံး ၈၀ ၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး ၁ လုံး၊ ကျည်အိမ် ၇ ခု၊ Detonater အချောင်း ၅၀ ၊ ကျည်ကာ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် အရံ  ၂၀၊ Equipment ၁ ခု၊ ကျောပိုးအိတ် ၁ လုံး စတာတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအချို့နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအချို့နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ။

အခုလိုအောင်မြင်မှုရခဲ့တဲ့ စစ်ရေးမစ်ရှင်မှာ အသက် ၂၄ နှစ်အရွယ် ရဲဘော်ပြားကြီးရဲ့ RPG ပစ်ချက်ရုပ်သံက လည်း လူထုကြားထဲမှာ ပျံ့နှံ့ ခဲ့ပါတယ်။ သူဟာ RPG လက်နက်ကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာသာ မြင်ရလေ့ရှိတဲ့ ပစ်ခတ်မှုမျိုးနဲ့ ပစ်ခတ်ပြသွားခဲ့တာပါ။ 

ဒါပေမဲ့ ရဲဘော်ပြားကြီးအတွက်တော့ RPG ပစ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

"RPG ဆိုတာ သူများတွေပြောတာ ကြားဖူးနားဝလေးရှိတာ။ စိတ်ကို တအားကို လှုပ်ရှားပြီးတော့မှ ပစ်ခဲ့တာ" လို့ ရဲဘော်ပြားကြီးကပြောပြပါတယ်။

သူဟာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာကဖြစ်ပါတယ်။ စစ်ကိုင်းသမဝါယမတက္ကသိုလ် ဒုတိယနှစ်မှာ စစ်အာဏာ သိမ်းတာကို ကြုံခဲ့ရပါတယ်။ တက္ကသိုလ်တက်ရင်း ကျေးရွာအနီးက ဆင်ခေါင်း တောင်သစ်တောဦးစီးဌာနမှာ လစာ ၁၈၀,၀၀၀ ကျပ်နဲ့ အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ 

သစ်တောဦးစီးဌာနက သူ့ကို လစာပေးပေမယ့် တရားဝင် ဝန်ထမ်းအဖြစ်မခန့်သေးတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး သူအလုပ်ထွက်တဲ့အခါ CDM စာရင်းမဝင်ပါဘူး။ 

စစ်တပ်က အာဏာသိမ်းချိန်မှာ သူဟာ ဝန်ထမ်းလုပ်သက် ၃ လပဲရှိပါသေးတယ်။ အဲ့အချိန်က ရဲဘော်ပြားကြီး က လက်နက်ကိုင်တော်လှန်ရေးလုပ်မယ့် စိတ်ကူးလည်း မရှိသေးပါဘူး။

သူ့ကို လက်နက်ကိုင်တော်လှန်ရေးရဲဘော်ဖြစ်အောင် တွန်းပို့လိုက်သူတွေက စစ်ကောင်စီတပ်သားတွေပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

၂၀၂၁ ဇွန်လမှာ မြောင်နယ်ကတော်လှန်ရေးတပ်ဖွဲ့တခုအတွက် သူက ထောက်ပို့တဦးအဖြစ် ကျည်ဆန်တွေ သယ်ပေးခဲ့ပါတယ်။ 

ကိုပြားကြီးဟာ သစ်တောက ဝန်ထမ်းဖြစ်တာကြောင့် ပုံမှန်ဆိုရင် သူသွားလာနေကျလမ်းက စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးလေ့မရှိပါဘူး။ ဒါပေမဲ့ တနေ့မှာတော့ စစ်ဆေးရေးဂိတ်မှာ စစ်သားအပြောင်းအလဲဖြစ်ပြီး မြောင်မြို့ရဲ့ မြောက်ဘက်အဝင်မှာ ဆိုင်ကယ်စီးလာတဲ့ ကိုပြားကြီးကို စစ်သားတွေ တားဆီးစစ်ဆေးခဲ့ပါတယ်။

သူ့ဆိုင်ကယ်ထဲက ကျည်ဆန် အတောင့် ၃၀ ကို စစ်သားတွေ တွေ့တွေ့ချင်း သူ့ရင်ဝကို စစ်ဖိနပ်နဲ့ ဆောင့်ကန်လိုက်ပါတယ်။ 

နောက်တော့ စစ်သားတွေက သူ့ကို အဲဒီဂိတ်မှာပဲ ၂ နာရီလောက် ဆက်စစ်ဆေးရာမှာ သူက တခြားသူလာ ထည့်ထားတာဖြစ်နိုင်ပြီး မသိကြောင်းပဲ ငြင်းဆိုနေတာကြောင့် သူ့ကိုပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

"မြောင်မြို့က ရဲတော်တော်များများနဲ့လည်း ကျွန်တော်ကသိနေတာမို့ သက်သာသွားတာ" လို့ ရဲဘော်ပြားကြီး က ပြောပါတယ်။

အဲဒီနောက်နေ့တွေမှာလည်း စစ်တပ်က သူ့ကိုခေါ်စစ်ပြီး ရိုက်နှက်တာကြောင့် သူဟာ ထောက်ပို့တပ်သား ကနေ လက်နက်ကိုင်တော်လှန်ဖို့အတွက် ခြေစုံပစ်ဝင်ခဲ့တာလို့ ဆိုပါတယ်။

"အစကကျနော် ဒါကိုလုပ်ဖို့ အစီစဥ်မရှိဘူး။ ထောက်ပို့ ဘာညာလုပ်ပေးတယ်။ ကျနော့်ကို ကိုယ်ထိလက် ရောက်လုပ်တဲ့အတွက် ကျနော်က စိတ်ပါလက်ပါပြန်လုပ်တယ်"လို့ ကိုပြားကြီးက ပြောပါတယ်။

အဲဒီနောက် ကိုပြားကြီးက မြောင်မြို့ (CDSOM)အဖွဲ့မှာ သင်တန်းသွားတက်ပြီး တူမီးကိုင်တဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် ဖြစ်လာပါတယ်။

စစ်တပ်ဘက်ကလည်း ကိုပြားကြီးကိုအစကတည်းက အလွတ်မပေးခဲ့ပါဘူး။ ၂၀၂၁ သြဂုတ်လမှာ စစ်ကောင်စီဟာ ကိုပြားကြီးတို့ နေထိုင်ရာကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကိုပြားကြီးတို့အိမ်အပါအဝင် အိမ်ခြေ ၄၀ ကျော်ကို မီးရှို့သွားခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ကိုပြားကြီးကို လက်နက်ကိုင်ရဲဘော်တယောက် ဖြစ်လာစေမယ့် တွန်းအားတခုလည်းဖြစ်ပါတယ်။ 

ရဲဘော်ပြားကြီးဟာ တူမီးကိုင်တဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်ဖြစ်ပြီးနောက်လား အရာတော်မြို့နယ်မှာ ဝက်လက်မြို့နယ်တပ်ရင်း ၁ မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် KIA တပ်မဟာ ၈ မှာ သင်တန်းသွားတက်ပြီး ၂၀၂၃ မှာ တပ်ရင်း ၁ ကနေ နုတ်ထွက်ပြီး ဒေသခံကာကွယ်ရေးတပ်တခုဖြစ်တဲ့ အရာတော်မြို့နယ်အခြေစိုက် ကျားသစ်နက်စစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တဦး ဖြစ်လာပါတယ်။

ကျားသစ်နက်တော်လှန်ရေးတပ်ဟာ ယခုအချိန်မှာ GZ တပ်တော်ရဲ့ တပ်ခွဲတခုဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၃ နှစ်ကျော်ကာလ တိုက်ပွဲပေါင်းအများအပြားတိုက်ခဲ့ရာမှာ ရဲဘော်ပြားကြီး အတွက် အမှတ်ရစေမယ့် တိုက်ပွဲတခုလည်းရှိပါသေးတယ်။

အဲ့ဒါကတော့ ၂၀၂၂ အတွင်းက အရာတော်မြို့အထွက်က နဂါးရုံဘုရားမှာ စစ်ကောင်စီတပ်သား ၅ ယောက် ကင်းပုန်းလာဝပ်တဲ့နေ့ကပါ။ ဒီသတင်းကြားပြီး ရဲဘော်ပြားကြီးနဲ့ တပ်ဖွဲ့ဝင် ၉ ယောက်ဟာ အဲဒီစစ်သားတွေကို ပစ်ခတ်ဖို့ သွားခဲ့ပါတယ်။ ဒါပေမဲ့ မိုးရွာတဲ့အတွက် အဲဒီအစီစဥ်က ပျက်ခဲ့ပါတယ်။

နောက်ရက် မနက်မှာ နောင်ကြီးအိုင်ကျေးရွာကနေ စစ်ကောင်စီစစ်ကြောင်းထွက်လာတယ်လို့ သတင်းရတာ ကြောင့် အဲဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။ 

ရဲဘော်ပြားကြီးတို့အဖွဲ့မှာ မောင်းပြန် ၆ လက်၊ လက်လုပ်တထောင့်ထိုး ၃ လက်နဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်လာမယ့် ရဲကျင်းရွာရဲ့ အနောက်ဘက်က ထန်းတောထဲမှာ ကင်းပုန်းဝပ်ပြီး စောင့်နေပါတယ်။

အဲဒီစစ်ကြောင်းက ထန်းတောရဲ့ အနောက်ဘက်ကနေ လာမယ်လို့ ထင်ခဲ့ပေမယ့်  တကယ်တမ်းမှာ ကင်းပုန်းဝပ်နေတဲ့  GZ ရဲဘော်တွေရဲ့ ကျောဘက် သနပ်ခါးခြံကနေထွက်လာပြီး သူတို့ကို သေနတ်တွေနဲ့ တရစပ် စပစ်ခဲ့ပါတယ်။

"စစ်တပ်နဲ့က ဝါးတပြန်လောက်ပဲဝေးတယ်။ သူတို့က ရိုးရိုးတောင် မပစ်ဘူးဗျာ။ PGF တွေဆိုပြီး အော်ပစ်တာ။ စကားတောင် မပီဘူး" လို့ ရဲဘော်ပြားကြီးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ မောင်းပြန်ကိုင်ထားတဲ့ရဲဘော်တယောက် ဘယ်ဘက်လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရ တာကြောင့် ပြန်ဆွဲထုတ်ပြီး တခြားရဲဘော်တွေကို တပ်ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။

"ဒဏ်ရာရ ရဲဘော်ရဲ့သေနတ်ကို ကောက်ပြီး ကျနော်တယောက်တည်း သေနတ်နှစ်လက်နဲ့ ခံပစ်တယ်" လို့ ရဲဘော်ပြားကြီးက ပြောပါတယ်။ 

တိုက်ပွဲက မိနစ်၂၀ လောက်ကြာပြီးနောက် စစ်ကောင်စီတပ်ဘက်က ၁၁ ယောက်သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေဘက်က ၁ ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ပါတဘ်။ 

"ဒါက အရာတော်မြို့နယ်ထဲမှာ ကျနော်ရဲ့ ပထမဆုံးတိုက်ပွဲပဲ။ သေနတ်နှစ်လက်နဲ့ တယောက်ထဲခံပစ်ပြီး နောက်ဆုံးကနေ ပြန်ဆုတ်လာတာ။ ဒီတိုက်ပွဲကို အားရတယ် " လို့ ရဲဘော်ပြားကြီးက ပြောပါတယ်။ 

အဲဒီတိုက်ပွဲဟာ ရဲဘော်ပြားကြီးအတွက် ပထမဆုံးနဲ့ အမှတ်တရအဖြစ်အဆုံး တိုက်ပွဲဖြစ်ခဲ့သလို အခု ကမ်းဖြူရွာစစ်ဆင်ရေးမှာလည်း RPG လက်နက်ကို သူက ပထမဆုံးပစ်ဖူးခဲ့တာပါ။ 

သူရဲ့ RPG ပစ်ခတ်မှုကို ရဲဘော်ရဲဘက်တွေက ချီးကျူးခဲ့ကြသလို အဲဒီတိုက်ပွဲရုပ်သံ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ထုတ်ပြန်လိုက်တဲ့နောက်မှာလည်း ကြည့်ရှုတဲ့ပရိသတ်တွေက ရဲဘော်ပြားကြီးကို အားပေးခဲ့ကြပါတယ်။ 

ဒီလိုဂုဏ်ပြုချီးကျူးတဲ့အသံတွေကို ရဲဘော်ပြားကြီးက အထူးအလည်မခံစားရဘူးလို့ပြောပြီး သူ့ရဲ့ တော်လှန် ရေးခံယူချက်တခုကို အခုလို ပြောပြပါတယ်။ 

"ကျနော်တယောက်တည်း ကျန်ခဲ့ရင်တောင် စစ်အာဏာရှင်ကို ရအောင်တိုက်ထုတ်မှာ" 

#မြေလတ်အသံ

#ဆောင်းပါး #ပုံရိပ်လွှာ #ရဲဘော်ပြားကြီး #RPG #အရာတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10