စစ်ကား ၃ စီးနဲ့အင်အား ၁၀၀ ပါ ခြေလျင်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲချခံရ( ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်၊ ကမ္မမြို့က ကား ၃ စီးနဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်အုပ်စုကို ညောင်ဂျစ်ပင်ရွာနဲ့ ကန်တော်ရွာအကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ ဆီက သိရပါတယ်။

စက်တင်ဘာလ ၂၁ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဒရုန်းနဲ့ ဗုံးသီး ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"ကမ္မမြို့ကနေ ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ စက်တီ၊ စားပွဲ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို စစ်ကောင်စီက ကား ၃ စီးနဲ့ ခြေလျင်အင်အား ၁၀၀ နဲ့ ခိုးယူလာတာကို ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့တာ"လို့ ဗိုလ်လက်ယာက ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက်မှာတော့ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိထားပြီး စစ်ကောင်စီဘက်က ကျည်ဘောက် ၁ ခုနဲ့ ကျည် ၁၆ တောင့် ရခဲ့တယ်လို့ ဆိုပါတယ်။  

အဲ့ဒီအင်အား ၁၀၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းဟာ မင်းဘူး ခလရ ၂၅၃၊ ခလရ ၂၅၆၊ ခလရ  ၂၅၇၊ ခလရ  ၂၅၈နဲ့ တပ်မ ၁၀၁ က စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ၊ Black Cobra နဲ့ PKU Thurian တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်ကလည်း ကမ္မမြို့ ထွေအုပ်ရုံး၊ ကြံ့ခိုင်ရေးရုံးနဲ့ ဝါဒိုင်တို့ကို မီးရှို့ခဲ့ပြီး ကမ္မမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့က စီးနင်းတိုက်ခိုက် ခဲ့ကြပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #မကွေးသတင်း #ပခုက္ကူသတင်း #တိုက်ပွဲ #ဒရုန်းဗုံးသီး #တပ်မ၁၀၁ #စစ်ကောင်စီ #မြိုင်ပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10