စစ်ကိုင်းက စိုက်ပျိုးရေးရုံး ဗုံးကွဲပြီး ၁၁ လအရွယ်ကလေးငယ်အပါ ၉ ဦးဒဏ်ရာရ

စစ်ကိုင်းက စိုက်ပျိုးရေးရုံး ဗုံးကွဲပြီး ၁၁ လအရွယ်ကလေးငယ်အပါ ၉ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်မနေ့ကနေ့လည် ၂ နာရီလောက်မှာ အဆိုပါစိုက်ပျိုးရေးရုံးအတွင်း ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ရုံးထဲပေါက်ကွဲမှုဖြစ်တာတော့ ဟုတ်တယ်။ ဌာနဆိုင်ရာရုံးဆိုတော့ ဝင်လို့လည်းမရဘူးလေ။ ပြန်သိရတာက အပြင်ကလာပစ်တယ်လည်း ပြောနေကြသလို သူတို့ရုံးကိုလာပေးတဲ့ ပါဆယ်ထုပ်ကနေ ပေါက်တယ်လို့လည်းပြောနေကြတယ်။ ရုံးထဲကလူတွေ ထိခိုက်သွားတာတော့ ရှိတယ်။ ထိခိုက်သွားသူတွေထဲမှာ ဒုဦးစီးမှူးတွေလည်းပါတယ်"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းတွေဖြစ်တဲ့ ဒုဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ ဒေါ်နွဲ့နွဲ့၊ ဦးသီဟန်ဦး၊ ဒုလက်ထောက်ဦးစီးမှူးဖြစ်တဲ့ ဒေါ်ဝင်းမြတ်မော်၊ လက်ထောက်ဦးစီးမှူးတွေဖြစ်တဲ့ ဒေါ်ဆွေဆွေအောင်၊ ဒေါ်လှလှရီ၊ အငယ်တန်းစာရေးဖြစ်တဲ့ ဒေါ်သီသီလှိုင်၊ မမိုးမြင့်သူနဲ့ အသက် ၁၁ လအရွယ် ကလေးတဦးပါ ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအပြင် ရုံးပြတင်းပေါက်မှန်အချို့လည်း ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး အများစုက မစိုးရိမ်ရဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အောက်တိုဘာလ ၄ ရက်ကလည်း စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ် လဝကရုံးဗုံးပစ်ခံရပြီး ကလေးငယ် ၁ ဦးနဲ့ လူငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10