စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို ရန်သူလို မဆက်ဆံမိရေး အရေးပေါ်လုပ်ငန်းစဉ် အဖြစ် NUG ယာယီသမ္မတ ပြောကြား

စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို ရန်သူလို မဆက်ဆံမိရေး အရေးပေါ်လုပ်ငန်းစဉ် အဖြစ် NUG ယာယီသမ္မတ ပြောကြား

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရာမှာ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တခုဖြစ်ပြီး အကောင်ထည်ဖော်ရာမှာလည်း အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂/၂၀၂၃) မှာ ယာယီသမ္မတဒူဝါလရှီးလက ယင်းသို့ပြောဆိုခဲ့တာပါ။

"စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။" လို့ ယာယီသမ္မတဒူဝါလရှီးလက ဆိုပါတယ်။

ဆက်လက်ပြီး "စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူးသတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူအသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။" လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဧရိယာမှာ နယ်မြေအကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကိုတွေ့ရပြီး စစ်အဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာတခုအဖြစ် ပါဝင်နေသလို တော်လှန်ရေး ဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူဖွယ်တွေ့မြင်ရတယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ်ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (FSCC)ရဲ့ နိုင်ငံရေး အမျိုးသားစည်းလုံးညီညွတ်ရေး ရှေးရှုရမယ့် အခြေခံသဘောထားအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကိစ္စအပြင် KNU နဲ့ တွေ့ဆုံရေးကိစ္စတွေမှာ သတိချပ်ရမယ့် အချက်တချို့အဖြစ် အဓိကထား ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲတွေနဲ့ ပကဖ၊ ပအဖ အဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေနဲ့ ပွတ်တိုက်မှုတွေဖြစ်လာနေပြီး အစုအဖွဲ့ခွဲ တည်ထောင်တာတွေလည်း ဖြစ်နေပါတယ်။

ဒေသတွင်းမှာရှိနေတဲ့ ဒေသကာကွယ်းရေးတပ်ဖွဲ့တွေက(LPDF) ပကဖ၊ ပအဖ တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာ၊ ဒေသတွင်းဖိနှိပ်တဲ့လုပ်ရပ်အချို့ ရှိနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ တိုက်ရိုက်တိုင်ကြားမှုတွေ ရှိနေသလို ပကဖ၊ ပအဖ တွေကလည်း LPDF အဖွဲ့အစည်းအချို့ရဲ့ စစ်စည်းကမ်းနဲ့ မညီသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဖမ်းဆီးတာ လက်နက်သိမ်းဆည်းတာတွေကို လုပ်ဆောင်နေကြပါတယ်။ 

#မြေလတ်အသံ

 #သတင်း #အမျိုးသားညီညွတ်ရေးအစိုးရ #FSCC #စစ်ကိုင်းတိုင်း #KNU #တော်လှန်ရေး #LPDF #အရေးပေါ် #သမ္မတ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10