စစ်ကိုင်းတိုင်း ကိုယ်စားပြုတဲ့ စစ်ကိုင်းဖယ်ဒရယ်ကောင်စီ ဖွဲ့စည်းမည်

စစ်ကိုင်းတိုင်း ကိုယ်စားပြုတဲ့ စစ်ကိုင်းဖယ်ဒရယ်ကောင်စီ ဖွဲ့စည်းမည်

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ က စစ်ကိုင်းတိုင်းကိုယ်စားပြုတဲ့ စစ်ကိုင်းဖယ်ဒရယ်ကောင်စီကို ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ 

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဝင်းဆွေနဲ့ မြေလတ်အသံ သတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

စစ်ကိုင်းဖိုရမ်ကို ပထမအကြိမ်အဖြစ် အခုနှစ် မေလ ၃၀၊ ၃၁ ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာလထဲမှာ ဒုတိယအကြိမ် ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။ 

တော်လှန်ရေးထဲတွင် ဟန်ချက်ညီတဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဆိုတဲ့ နာမည်နဲ့ လုံလောက်မှုမရှိတော့တဲ့အတွက် ဒုတိယအကြိမ်ကျင်းပမယ့် စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းရဲ့ အရေးကိစ္စတွေကို စုပေါင်းအဖြေရှာကြမယ့်အပြင် စစ်ကိုင်းတိုင်းသူ၊ တိုင်းသားတွေနဲ့ ဖိုရမ်တက်ရောက်လာတဲ့ အင်အားစုတွေရဲ့ သဘောတူညီချက်နဲ့ နိုင်ငံရေးအရ ပိုပြီးအဓိပ္ပါယ်ရှိမယ့် အစုအဖွဲ့တခုကို ဖွဲ့စည်းသွားဖို့ မျှော်မှန်းထားတယ်လို့ သူကဆိုပါတယ်။ 

“ဒီအစုအဖွဲ့ကို ယာယီအနေနဲ့ကတော့ စစ်ကိုင်းဖယ်ဒရယ်ကောင်စီလို့ ယာယီနာမည်ပေးထားပါတယ်။ သို့သော် နောက်ပိုင်းမှာ အပြောင်းအလဲလည်း ရှိရင်ရှိမယ်။” လို့ ဦးစိုးဝင်းဆွေက ပြောပါတယ်။ 

စစ်ကိုင်းဖယ်ဒရယ်ကောင်စီဟာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ဆောင်နေတဲ့ တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေကို အခုထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမှာဖြစ်ပြီး တိုင်းတွင်း၊ တိုင်းပြင်ပမဟာမိတ်အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ရွေးကောက်ခံအစုအဖွဲ့တွေ ပူးပေါင်းပါဝင်လာအောင် ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှုတွေကို စစ်ကိုင်းဖယ်ဒရယ်ကောင်စီလမ်းကြောင်းကနေ ဆက်သွားဖို့ရှိတယ်။” လို့ ဦးစိုးဝင်းဆွေက ဆက်ပြောပါတယ်။  

စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း နိုဝင်ဘာ ၁၇ ရက် လွှတ်တော်ရဲ့ စတုတ္ထပုံမှန် အစည်းအဝေးမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ 

အဲ့ဒီဥပဒေ အတည်ပြုပြဌာန်းခဲ့တာနဲ့ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ၊ သပိတ်ကော်မတီတွေက ဝေဖန်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ပထမအကြိမ်စစ်ကိုင်းဖိုရမ်ဟာ ဆွေးနွေးချက်တွေနဲ့ ဘုံသဘောထားစုစည်းချက် ထုတ်ယူတဲ့အဆင့်ဖြစ်ပြီး ဒုတိယအကြိမ်စစ်ကိုင်းဖိုရမ်ကတော့ ဆွေးနွေးရုံတင် မဟုတ်ဘဲ စစ်ကိုင်းဖယ်ဒရယ်ကောင်စီလို အဖွဲ့အစည်းမျိုး ဖွဲ့စည်းရေးကိစ္စပါ ပါလာမှာဖြစ်လို့ စစ်ကိုင်းတိုင်းသူ၊ တိုင်းသားတွေနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်အင်အားစုတွေ တက်ရောက်ပြီး ပါဝင်ကြဖို့ ဖိတ်ခေါ်တယ်လို့ ဦးစိုးဝင်းဆွေက ဆိုပါတယ်။ 

“ဒီနေ့ကနေ စပြီး စာရင်းပေးသွင်းလို့ရပါပြီ” လို့ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မှာ သူက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအထဲက တော်လှန်အင်အားစုတွေအနေနဲ့ သက်ဆိုင်ရာ ခရိုင်အလိုက် စစ်ကိုင်းဖိုရမ်ဖိတ်ကြားရေး တာဝန်ခံတွေကတဆင့်ဖြစ်စေ၊ စစ်ကိုင်းဖိုရမ်ရဲ့ ဖေ့ဘွတ်လူမှုကွန်ယက်ကဖြစ်စေ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်းဖိုရမ် #စစ်ကိုင်းဖယ်ဒရယ်ကောင်စီ #တော်လှန်ရေးအင်အားစု #သပိတ်ကော်မတီ #စုပေါင်းခေါင်းဆောင်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10