စစ်ကိုင်းတိုင်းကို ကူးဆက်လာနေတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့က ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်းကိုလည်း ကူးဆက်လာနေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းမှာပါ တိုက်ပွဲတွေ ဖော်ဆောင်နေပြီလို့ အောက်တိုဘာ ၃၀ ရက်က စာထုတ်ပြန်ခဲ့ပါတယ်။ 

ထီးချိုင့်မြို့နယ်တိုက်ပွဲမှာ မဟာမိတ်အဖွဲ့မှ AA၊ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် လေကြောင်းပစ်ကူတွေပါ ယူခဲ့ရပါတယ်။

နိုဝင်ဘာ ၃ ရက် ဒီနေ့ မနက်အစောပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ  ပူးပေါင်းပြီး ကောလင်းမြို့ပေါ်က မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အထက်တန်းကျောင်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ 

ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စခန်းအချုပ်မှာ ဖမ်းဆီးထားတဲ့ အချုပ်သားတွေကို လွှတ်ပေးနိုင်ခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

ကောလင်းမြို့ပေါ်အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ 

လက်ရှိအချိန်အထိ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။ 

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ကလေးမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ စစ်တပ်အထိုင်စခန်းတချို့ကိုလည်း ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့မနက် ၄ နာရီက တပြိုင်တည်း ဝင်တိုက်ခဲ့ပြီး နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ကတည်းက မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ပိုင်းက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်စခန်းအများအပြားနဲ့  စစ်ကောင်စီရဲ့ သံချပ်ကာကား ၆ စီးကို သိမ်းဆည်းရရှိထားပြီဖြစ်ပါတယ်။  

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေအပါအဝင် လူထုသပိတ်ကော်မတီတွေကလည်း ဒီ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသီးသီးစာထုတ်ပြန်ထားကြပါတယ်။ 

အညာဒေသမှာ လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့တွေ အများအပြားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ ကို မဟာဗျူဟာကျကျ ဆင်နွှဲနေတာဟာ အင်မတန် စိတ်အားတက်ဖွယ်ရာကောင်းပြီး မဟာမိတ်ဆက်ဆံရေးကို ဒီထက်ပိုအားကောင်း ခိုင်မာစေဖို့ ဆထက်ထမ်းပိုး အားထုတ်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြောက်ပိုင်းညီနောင်မဟာမိတ် #၁၀၂၇စစ်ဆင်ရေး #အညာဒေသ  #NUG  #GZSpecial  #ရက္ခိုင့်တပ်တော်  #AA #ထီးချိုင့် #သတင်း #ရုပ်သံ #မြေလတ်သတင်း #1027 #operation1027

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10