စစ်ကိုင်းတိုင်းကို အကြောက်တရားနဲ့ထိန်းချုပ်ချင်တဲ့ စစ်ကောင်စီ ထင်သလောက်ခရီးပေါက်ရဲ့လား

စစ်ကိုင်းတိုင်းကို အကြောက်တရားနဲ့ထိန်းချုပ်ချင်တဲ့ စစ်ကောင်စီ ထင်သလောက်ခရီးပေါက်ရဲ့လား

အထက်အညာစစ်ကိုင်းတိုင်းမှာ သေနတ်သံဆိုတာ သီတင်းကျွတ်ဗျောက်ဖောက်သံလောက်ကြား ခဲ့ဖူးရာကနေ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယနေ့အချိန်(စက်တင်ဘာ ၂၀၂၂ ခုနှစ်) မှာတော့ နေ့စဉ်ဆိုသလိုတိုက်ပွဲများနဲ့ စစ်ဘေးရှောင်အများဆုံးဖြစ်လာခဲ့ပါတယ်။ 

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး နေအိမ်မီးရှို့ဖက်ဆီးခံရမှုမှာလည်း အများဆုံးကနေရပ်တည်ခဲ့တာက ယခင်ကအေးချမ်းတည်ငြိမ်လှတဲ့ အထက်အညာစစ်ကိုင်းတိုင်းထဲမှာပါပဲ။ 

နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း စစ်အာဏာသိမ်းခေါင်းဆောင်အပြောင်းအလဲတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီရွေးကောက်ပွဲအစိုးရ နှစ်ကြိမ်တက်ချိန်ထိ စစ်ဘေးရှောင်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာသာရှိခဲ့ရာက အဆိုးဝါးဆုံးစစ်အာဏာသိမ်းမှုလို့ နယ်ပယ်အသီးသီးက သုံးသပ်ပြောဆိုနေကြတဲ့ ယခုတကြိမ် အာဏာသိမ်းမှုမှာတော့ စစ်ကိုင်းတိုင်းကလည်း တိုက်ပွဲတွေနဲ့စစ်ရှောင်အများဆုံး ဖြစ်လာခဲ့ပါတယ်။ 

  • စစ်တမ်းတွေက ဖော်ပြနေတဲ့စစ်ကိုင်းတိုင်း 

စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ဖြစ်ပွားပြီး တနိုင်ငံလုံးရဲ့ ခုခံတော်လှန်တိုက်ပွဲပေါင်း ရဲ့ ဒုတိယအများဆုံး တိုင်းဖြစ်ခဲ့ကာ တိုက်ပွဲအများဆုံးကတော့ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ 

အဲဒါတွေရဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် နေရပ်စွန့်ခွါစစ်ပြေးဒုက္ခသည်အများဆုံးရှိလာတဲ့ ဒေသဟာစစ်ကိုင်းဖြစ်ပြီး ၅၃၃,၈၃၃ ဦးထက်မနည်းရှိခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ပြေးဒုက္ခသည်စုစုပေါင်းပမာဏရဲ့ ၃၇ ရာခိုင်နှုန်း ကျော်ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ- Institute for Strategy and Policy- Myanmar က စက်တင်ဘာလ ၆ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့ထိ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါအပြင် ဩဂုတ်လ တလထဲမှာပဲ နေအိမ်မီးရှို့ခံရတဲ့ အရည်အတွက်အများဆုံး ပမာဏမှာလည်း စစ်ကိုင်းတိုင်းက ထိပ်ဆုံးမှာရှိနေပြီး ၃၇၂၀ လုံးမီးရှို့ဖျက်ဆီးခံရတာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ဩဂုတ်လထဲမှာ နေအိမ်၊ အဆောက်အအုံပေါင်း ၆၂၂၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP ကပဲထုတ်ပြန်ပါတယ်။

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကနေ ဇူလိုင်လ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံတဝှမ်းတိုင်းနှင့်ပြည်နယ် ၁၀ ခုမှာ နေအိမ်နဲ့ အဆောက်အအုံ(ဘာသာရေး၊ အဆောက်အအုံများအပါအဝင်) မီးရှို့ခံခဲ့ရတာမှာ စစ်ကိုင်းတိုင်းတခုထဲမှာပဲ ၂၀,၄၈၅ လုံးထက်မနည်းမီးရှို့ခံရပြီး တနိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းလို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ ISP ကဖော်ပြထားပါတယ်။ 

အလားတူပဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ထုတ်ပြန်ချက်မှာလည်း ပြည်သူ့ခုခံတော်လှန်စစ် စတင်ဆင်နွဲခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ကနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၉၂၉ ကြိမ်ဖြစ်ပွားပြီးဗုံးပေါက်ကွဲမှုကတော့ ၃၄၃ ကြိမ်နဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယတိုက်ပွဲဖြစ်ပွားမှုအများဆုံး တိုင်းဖြစ်ခဲ့တာပါ။ 

ဒီအရည်အတွက်ဟာ NUG က ခုခံစစ်ကြေညာချိန်အတွင်းသာဖြစ်ပြီး ယင်းမတိုင်ခင်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲပေါင်းများစွာဖြစ်နေတာပါ။ 

စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်မှုအခံရဆုံးကလည်း စစ်ကိုင်းတိုင်းဖြစ်နေပြီး ၁၉၂၃ ကြိမ်ထိရှိတယ်လို့ ဆိုပြီး အဲဒီစစ်တမ်းဟာ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်တဲ့ တနှစ်အတွင်းပဲပြုလုပ်ထားလို့ လက်တွေ့မှာတော့ ဒီထက်မက များစွာပိုနေနိုင်ပါတယ်။ 

  • ဆိုင်ဆိုင်မဆိုင်ဆိုင် တိုက်ရိုက်ရောသွယ်ဝိုက်ပြီးရော စစ်တိုက်တဲ့စစ်ကောင်စီ 

စစ်ကောင်စီဟာ ခေတ်အဆက်ဆက် စစ်ကိုသက်ဆိုင်သူများနဲ့ တိုက်ရိုက်တိုက်ခဲ့သလို ဝန်းရံအားပေးသူတွေနဲ့ ပြည်သူလူထုကိုလည်း အခက်ခဲအမျိုးမျိုးနဲ့ ဖြစ်နေအောင် သွယ်ဝိုက်တိုက်ခိုက်ခဲ့ပါတယ်။ 

အဲဒီအထဲကမှစစ်ကိုင်းတိုင်းကိုတော့ စစ်ကောင်စီက တိုက်ရိုက်တိုက်ခိုက်မှု ဆိုတာထက် သွယ်ဝိုက်သောနည်းနဲ့ တိုက်တာကပိုလို့များတယ်ဆိုတာ မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ စစ်ရှောင်အရေအတွက် စစ်တမ်းတွေက ဖော်ပြနေပါတယ်။ 

“စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်တုန်းကလည်း ဖြတ်လေးဖြတ်တို့ ဗကပ ခေတ်ကလည်း ဒါပဲ စစ်ကိုတိုက်ရိုက်လည်းတိုက်မယ် သွယ်ဝိုက်လည်းတိုက်မယ် မဆိုင်လည်းတိုက်မယ် ဆိုင်လည်းတိုက်မယ် ဒီကောင်တွေက လူစိတ်ပျောက်ပြီး နိုင်ပြီးရောဘာကျင့်ဝတ်မှ မရှိဘဲ တိုက်နေတဲ့သဘောပါပဲဗျာ” လို့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ဇာတိ ရဲ cdm တဦး က သူ့အတွေ့အကြုံနဲ့ ပြောဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ပတ်သက်ပြီး စစ်တပ်ထဲမှာ ၁၀ နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ရင်း လက်နက်ကိုင်တိုင်းရင်းသားဒေသတွေမှာပါ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတဦးကတော့ သူ့အတွေ့အကြုံကို ပြောပြတာမှာ ၁၉၉၃-၉၄ ခုနှစ်မှာ ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက ကျေးရွာတရွာမှာ ဝမ်းရောဂါတွေဖြစ်လို့ တိုင်းရင်းသားတွေ တယောက်စနှစ်ယောက်စသေတာကို အထိုင်ချနေတဲ့ စစ်တပ်က အလုပ်ရှုပ်တယ်ဆိုပြီး တရွာလုံးကိုမီးရှို့သတ်လိုက်တယ်လို့ ကိုယ့်တွေဖြစ်စဉ်ကို ပြောဆိုပါတယ်။ 

“ဒါတွေနဲ့ မဆိုင်ခင်ကတည်းက စစ်တပ်ဆိုတာ အဲလိုကြမ်းကြမ်းတမ်းတမ်းလုပ်ခဲ့ဖူးတယ်။ အခုမှမဟုတ်ပါဘူး ဟိုတုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကိုတိုက်တော့မယ်ဆို အဲပတ်ဝန်းကျင်က ရွာတွေကို မီးရှို့တာတို့ တွေသမျှလူကိုဖမ်းဆီးသတ်ဖြတ်တာတိုက အရင်ကတည်းကရှိတယ်။ အခုကတော့ ပိုဆိုးတာပေါ့ မီးရှို့သတ်ဖြတ်တာတွေကို အရေးမယူတဲ့အပြင် အဲလိုလူတွေကို ဘွဲ့တခုပေးပြီးကို ချီးမြှင့်ပြီး လက်သပ်ကိုမွေးထားတာ” လို့ ဆိုပါတယ်။ 

  • စစ်ကောင်စီရဲ့အဓိကအင်အားဖြစ်တဲ့ စစ်ကိုင်းတိုင်း 

စစ်ကောင်စီရဲ့အဓိက အင်အားတွေဖြစ်တဲ့ စစ်တပ်ထဲက စစ်မှုထမ်းတွေရဲ့  ၇၅ ရာခိုင်းနှုန်းကတော့ စစ်ကိုင်း၊မကွေး၊ဧရာဝတီ၊ပဲခူး၊မန္တလေးတိုင်းဘက်က လူတွေဖြစ်ပြီး အဲဒီအထဲမှာမှ အထက်အညာစစ်ကိုင်းတိုင်းနဲ့ အညာမြေလတ်မကွေးတိုင်းတို့က ထက်ဝက်နီးပါးလောက်ရှိတယ်လို့ CDM စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ 

ဆွေးကြီးမျိုးကြီးနဲ့ ဆွေစဉ်မျိုးဆက်တွေကိုလိုက်လို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ အကြီးပိုင်းတွေနဲ့ ပြန်တမ်းဝင်အရာရှိ အဆင့်တွေအများအပြားရှိပြီး အချို့ဆွေမျိုးတွေမှာ စစ်ဗိုလ်၊ ဗိုလ်မှူးတွေ အနည်းဆုံး ၂ ဦး ၃ ဦးအထိရှိကြတယ်လို့ဆိုပါတယ်။ အခြားတွေကတော့ အစိုးရဝန်ထမ်း တွေအဖြစ်ဝင်ရောက်ခဲ့ကြတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီအတွက် တပ်သားအသစ် ထပ်မံစုဆောင်းလို့ မရတော့ပါဘူး။ ပိုမိုဆိုးဝါးစွာနဲ့ပဲ “စစ်ခွေးသင်္ဂြိုင်းစစ်ကိုင်းတိုင်း” ဆိုပြီး မြေပေါ်ဆန္ဒထုတ်ဖော်မှုတွေနဲ့ မြေအောက်တော်လှန်ရေးသမားတွေ ဒေသကာကွယ်ရေးတပ်ဖွဲ့အင်အားတွေအများအပြားက စစ်အာဏာရှင်ကိုတော်လှန်နေကြလို့ အငြိုးနဲ့ ဖိတိုက်နေတာလို့ ဆန္ဒထုတ်ဖော်ပွဲတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးနယ်တဝိုက်က ဒေသခံတဦးက ဆိုပါတယ်။ 

“နောက်တခုက နယ်မြေအားသာချက် အိန္ဒိယဘက်ထွက်ပေါက်ရှိတယ် ပြည်တွင်းမှာလည်းနယ်မြေထိစပ်မှု အများဆုံး တရုတ်ဘက်ထွက်လမ်း ရခိုင်ဘက်ထွက်လမ်းကလည်း တိုက်ရိုက်မဟုတ်ပေမဲ့ ဖြောင့်နေရော” လို့ စစ်ကိုင်းတိုင်းတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ CDM ရဲကပြောပါတယ်။ 

စစ်ကောင်စီဟာ အင်အားသစ်တွေထပ်မံမရရှိတော့တဲ့အပြင် ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်လုပ်လက်နက် မျိုးစုံသုံးပြီးတော်လှန်နေတဲ့အဖွဲ့များစွာထဲ ဒေသခံပြည်သူတွေဝင်ရောက်သွားခဲ့ကြသလို ပူးပေါင်းကူညီမှုတွေကိုလည်း လုပ်ဆောင်သွားခဲ့ကြပါတော့တယ်။ 

“အဒေါ်တို့ကတော့ရှင်းတယ်။ အမျိုးထဲမှာကို စစ်တပ်ရဲ့စစ်သားတွေ ဗိုလ်ကြီးတွေရှိတယ်။ သူတို့ကိုရွာတောင်ပြန်မလာမိစေနဲ့လို့ပြောထားတယ်။ ရွံလို့ကွယ်။ အခုကတော့ ညီအကိုချင်းတိုက်ကြရ။ ညီအမချင်းရန်ဖြစ်ရနဲ့ ရှိတာတွေလည်းကုန်သလောက်ဖြစ်နေပါပြီ သူတို့မီးရှို့တာနဲ့” လို့ စစ်ဘေးရှောင်နေရတဲ့ ဒီပဲယင်းမြို့နယ်ထဲက အမျိုးသမီးကြီးတဦးက ဆိုပါတယ်။ 

  • တော်လှန်ရေးနှောင့်နှေးအောင်လုပ်ချင်တဲ့ စစ်ကောင်စီ 

စစ်ကောင်စီက ကျေးရွာအများအပြားကိုမီးတင်ရှို့ခဲ့သလို လေယာဉ်နဲ့ ဗုံးကျဲတာ ဖမ်းဆီးသတ်ဖြတ်တာနဲ့  အဖိုးတန်ပစ္စည်းတွေကိုသိမ်းယူတာ ပြန်စရာအိမ်မရှိအောင် လုပ်ပစ်တာတွေကို အလွန်အကျွံလုပ်ဆောင် ခဲ့ပါတယ်။  

အထင်ရှားဆုံးနဲ့ အရက်စက်ဆုံးအဖြစ် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာ ကို ဩဂုတ်လ ၁၁ ရက်နေ့က ၁၄ ရက်နေ့ထိ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲတာ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်တာတွေကြောင့် PDF အဖွဲ့ဝင် ၄ ဦးအပါအဝင် ဒေသခံတွေလည်း သတ်ဖြတ်ခံခဲ့ရပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးအလောင်း ၂ လောင်းကိုလည်း တွေ့ရှိခဲ့ရပါတယ်။ 

ဒီထက်ပိုလို့ဆိုးရွားတဲ့ လုပ်ရပ်ကတော့ လတ်တလောဖြစ်စဉ်တခုဖြစ်တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းထဲမှာ စာသင်နေတဲ့ကလေးတွေကို စက်တင်ဘာလ ၁၆ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ ကလေးငယ် ၅ ဦးအပါ အခြားအရပ်သူအရပ်သား ၁၃ ဦးခန့်သေဆုံးခဲ့ပြီး နောက်ထပ်ကလေးငယ် နဲ့ ဆရာ/ဆရာမ ၂၀ ခန့်ကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ 

အခုလိုလုပ်ရပ်တွေက တော်လှန်ရေးကို နှောင့်နှေးအောင်နဲ့ စစ်တပ်ရဲ့ထုံးစံအတိုင်း အကြောက်တရားကို လူထုအသိထဲ ရိုက်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ရပ်ပဲလို့ PDF အဖွဲ့ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ 

“အဓိကကတော့ စစ်ဘေးရှောင်တွေရဲ့ အိမ်တွေယာတွေကိုမီးရှို့တာကြတော့ PDF တွေကို ပြည်သူတွေမုန်းတီးသွားအောင် ပြည်သူကမွေးဖွားပေးထားတဲ့ PDF တွေကို တမင်မုန်းတီးသွားအောင် တမင်ယုတ်မာတဲ့အကြံနဲ့ခြေလှမ်းစနေပြီလို့သုံးသပ်မိတယ်။” လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်တပ်ခွဲ MRDA MONYWA တပ်ရင်း ၆ တပ်ခွဲ ၁ ခေါင်းဆောင် ဗိုလ် Black က ပြောပါတယ်။ 

အလားတူဆိုသလိုပဲ ရေဦးမြို့နယ်ထဲက ရဲ CDM တဦးကလည်း “သူတို့ကိုယ်တိုင် ပြေးလွှားနေရတော့ ဘယ်လိုလုပ်ပေးနိုင်မလဲ ဒါကတော်လှန်ရေးနှောင့်နှေးအောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ။ ပြည်သူလူထုရဲ့ နယ်မြေခံတွေရဲ့ နေအိမ်တွေက မီးရှို့တယ်ဖျက်ဆီးတယ်။ ရည်ရွယ်ချက်ရှိရှိမပါရဲအောင် မထောက်ပံ့ရဲအောင်လုပ်တယ်။ အလုံးစုံပျက်သုဉ်းရေးကိုသွားတာပေါ့။” လို့ ထပ်လောင်းသုံးသပ်ပြပါတယ်။

 အဲဒီလိုကြမ်းကြမ်းတမ်းတမ်းနဲ့ ရက်စက်မှုတွေကိုလုပ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျောသားရင်သားမခွဲခြားခဲ့ပါဘူး။ PDF တွေကို ထောက်ပံ့သူတွေရော မထောက်ပံ့သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ခဲ့ကြတာပါ။ 

PDF ခိုလှုံတယ်လို့ ထင်ရတဲ့နေအိမ်တွေ၊ လက်နက်ကြီးလာရာအနီးကကျေးရွာတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွေ မိုင်းဆွဲခံရတဲ့နေရာနားက ကျေးရွာတွေကိုပါမီးရှို့ခဲ့ကြရာမှာ စစ်ကောင်စီကိုထောက်ခံသူတွေရဲ့ နေအိမ်တွေတောင် ပါဝင်သွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ 

တော်လှန်ရေးကို နှောင့်နှေးအောင်လုပ်တာ ဟုတ်ပါတယ်။ စကစရဲ့ ယုတ်ညံ့တဲ့အပြုမူတခု။ စစ်ကိုစစ်နဲ့တူအောင် တိုက်တာမဟုတ်ဘဲ ဒေသခံပြည်သူလူထုတွေ စိတ်ထဲမှာတကယ်မဖြစ်ရင်တောင် နာကျင်အောင် အသက်အိုးအိမ်စည်းကိုရန်ရှာတယ်။ နောက်တခါအဆောက်အဦးတွေမီးရှို့တယ်။ တွေ့တဲ့သူတွေကိုရှာရန်တယ်။ အမျိုးသမီးတွေကိုမုဒိန်းကျင့်သတ်။ ဒါတွေကစစ်တပ်ရဲ့ လူထုအပေါ် စစ်နဲ့မဆိုင်တဲ့ ‌လူ့ရပ်လူ့ရွာမှာအေးအေးချမ်းချမ်းနေနေတဲ့ ပြည်သူတွေအပေါ် ယုတ်မာယုတ်ညံ့မှုတခု ဖြစ်ပါတယ်။” လို့ စစ်ကိုင်းတိုင်း စစ်ရှောင်ကူညီရေး ပြည်သူတဦးဖြစ်တဲ့ ဦးနွေဦးနိုင် က ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ သတင်းစာရှင်းပွဲတွေမှာ ဒီလိုဖြစ်စဉ်တွေကို မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပြီး လုံခြုံရေးတပ်ဖွဲ့စည်းမျဉ်းစည်းကမ်း တပ်စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက်သာ လုပ်ဆောင်နေတာ လိုဆိုပါတယ်။ 

ဒါပေမယ့်လည်း လေကြောင်းပစ်ကူသုံးပြီး လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်နိုင်တာက စစ်ကောင်စီတပ်သာ လုပ်နိုင်တဲ့အရာဖြစ်လို့ ရင်ပေါင်တိုင်ကျေးရွာနဲ့ လက်ယက်ကုန်းလို့ ဗုံးကျဲမှုနဲ့ အခြားများစွာသောလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ငြင်းဆိုချက်က အရာမထင်ခဲ့ပါဘူး။ 

  • ပြည်သူမနာရအောင် တိုက်ပွဲဖော်ဆောင်ရတဲ့ တော်လှန်ရေးသမားတွေ 

ရည်ရွည်ချက်မျိုးစုံနဲ့ မီးရှို့မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်တိုက်ခိုက်ရတာနဲ့ တားဆီးနှိမ်နှင်းရာမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အခက်ခဲတချို့ရှိလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ထဲ တိုးဝင်မသွားမိဖို့နဲ့ ပြည်သူအထိမနာဖို့ လမ်းကိုရွေးရာမှာ တိုက်ပွဲတချို့ကို ဖျက်သိမ်းရတာနဲ့ ရှောင်ရှားရတာတွေ ရှိခဲ့တယ်လို့ PDF အဖွဲ့တွေက တညီတညွတ်ထဲ ဆိုပါတယ်။ 

“တိုက်ပွဲဖော်ဆောင်တဲ့အခါမှာကော အခြေအနေက မိုင်းကိုအဓိကထားတိုက်ခိုက်ရတော့ ပြည်သူတွေ စစ်ဘေးရှောင်တွေ အတတ်နိုင်ဆုံး ပြည်သူတွေမထိအောင် ပြည်သူတွေ ဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး ပြည်သူတွေဘေးကင်းတဲ့နေရာမှာ တိုက်ပွဲဖော်ဆောင်ပေးရတယ်။” လို့ ပေါက်တောင်ပိုင်း သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ရေးတာဝန်ခံက ပြောပါတယ်။ 

အချို့ရှေးရိုးစွဲသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တိမ်းရှောင်လိုစိတ်မရှိတာနဲ့ မတိမ်းရှောင်နိုင်တာတွေက အခက်ခဲဖြစ်စေတယ်လို့ ဆိုကြပါတယ်။ 

“စစ်ဘေးမရှောင်ဘဲ ရွာထဲမှာ နေကြတဲ့ မတိမ်းရှောင်သူတွေရှိပါတယ်။ ကျန်ခဲ့ရင်တော့ PDF ရဲဘော်တွေ စစ်ရေးမှာ အခက်ခဲတွေဖြစ်နိုင်ပါတယ် ရှောင်တိမ်းကြတဲ့အခါမှာ PDF အနေနဲ့ စစ်ရေးကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်တယ်။” လို့ ယင်းမာပင်-ဆားလင်းကြီးက ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့မှ ကိုစနေက ဆိုပါတယ်။ 

ပြည်သူလူထုနဲ့ PDF တွေဟာ ရေနဲ့ငါးလိုတသားထဲဖြစ်နေလို့ ပြည်သူလူထုစစ်ရှောင်ရတာ မီးရှို့ခံရလို့ စီးပွားပျက်တာတွေဟာလည်း PDF တွေခက်ခဲမှုတွေပဲ လို့ စစ်ရှောင်ကူညီသူ ဦးနွေဦးနိုင်က ဆိုပါတယ်။ 

“ပြည်သူတွေကို ကယ်ထုတ်ဖို့ ကျတော်တော်လည်းခက်ခဲတယ်။ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာတော့ ရွာတွေကိုမီးမရှို့ရအောင် ရွာတွေကိုကာကွယ်ရမယ့် စိတ်ဓါတ်အပြည့်ရှိတယ်။ သူတို့ကကြတော့ အဲရွာထဲကိုရောက်လို့ လက်နက်ကြီးလက်နက်ငယ်နဲ့ပစ်တယ်ဆို အဲရွာကို မီးရှို့သွားတာ ကျနော်တို့ ပြန်ပစ်တာရှားရှားရယ် သူတို့ကိုတိုက်ပွဲဖော်ဆောင်ဖို့ အနည်းငယ်တော့ခက်ခဲတယ်။ လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်တပ်ခွဲ MRDA MONYWA တပ်ရင်း ၆ တပ်ခွဲ ၁ ခေါင်းဆောင် ဗိုလ် Black က ပြောပါတယ်။ 

စစ်ဘေးရှောင်ပြေးလာတဲ့ ပြည်သူတွေကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးရတာ၊ နေရာထိုင်ခင်းပေးရတာနဲ့ မီးလောင်နေတဲ့ ကျေးရွာနေအိမ်တွေကို မီးငြိမ်းသတ်နေရလို့ စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ခိုက်ဖို့ နှောင့်နှေးတာ ဒေသခံတွေရဲ့ စိုက်ပျိုးသီးနှံတွေကို ကူညီစိုက်ပျိုးရိတ်သိမ်းရင်း လုံခြုံရေးယူပေးရတာ တွေကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက လုပ်ဆောင်ပေးနေကြရပြန်ပါတယ်။ 

  •  ခုတ်ရာတခြားရှရာတလွဲဖြစ်ရတဲ့ စစ်ကောင်စီ 

တင်းတိန်ရံရွာမီးရှို့ခံရတာမှာ နေအိမ်မီးထဲပါသွားတဲ့ ဒေါ်မြရင်(အမည်လွဲ) တယောက် ဘုရားဆင်းတုလေးတဆူပဲ ရင်ခွင်ပိုက်ပွေ့ပြေးလာလို့ ကျန်ခဲ့ပေမယ့် တခြားပိုင်ဆိုင်သမျှ ရုပ်ဝတ္တုတွေကတော့ မီးရှို့ခံရလို့ ကုန်သွားခဲ့ပါတယ်။ 

အဲဒီလိုဖြစ်စဉ်တွေက စစ်ကိုင်းတိုင်းထဲမှာတင်မကပဲ တခြား မြန်မာနိုင်ငံအနှံအပြားမှာလည်း ဖြစ်နေတာမို့ စစ်တမ်းတွေမှာ ဖော်ပြဖို့မလုံလောက်နိုင်သလို တထောင့်တညပုံပြင်တွေလို ဘယ်တော့မှလည်း ကုန်ဆုံးနိုင်မှာမဟုတ်ပါဘူး။ 

“စဉ်းစားသာကြည့် အဲကောင်တွေကိုဆွေစဉ်မျိုးဆက် စစ်အာဏာရှင်ကို တော်လှန်ချင်တယ် အဲကောင်တွေရှိနေသမျှကာလပတ်လုံး မြန်မာပြည်ကငြိမ်းချမ်းမှာမဟုတ်ဘူး အေးချမ်းမှာလည်းမဟုတ်ဘူး ချမ်းသာမှာလည်းမဟုတ်ဘူး။ ဒီကောင်တွေရှိသမျှက ညှင်းပမ်းမယ် နှိပ်စက်မယ်သတ်ဖြတ်မယ်၊” လို့ စစ်ရှောင်တဦးက ဆိုပါတယ်။ 

စိတ်ဓါတ်ပြင်းထန်လွန်းတဲ့ ဒေသခံတွေကတော့ မီးရှို့ခံရလို့ပျက်စီးသွားတဲ့ နေအိမ်က မီးကျွမ်းသွပ်ပြားတွေနဲ့ အိုးစုတ် တိုင်အပြတ်တွေကို ခေါင်းမှာရွတ်လို့ “နေအိမ်ကျေးရွာကိုသာ မီးရှို့လို့ရမယ် မြေနေရာနဲ့ရင်ထဲကတော်လှန်ရေးကိုတော့ မီးရှို့လို့မရဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ရွာမီးလောင်ပြင်မှာ ဆန္ဒပြခဲ့ကြတဲ့ဓါတ်ပုံဟာ နွေဦးတော်လှန်ရေးရဲ့ ကမ္ဘာကျော် သမိုင်းမှတ်တမ်း ဓါတ်ပုံဖြစ်ခဲ့ပါသေးတယ်။ 

လက်ယက်ကုန်းရွာဖြစ်စဉ်မှာတော့ “ငါတို့ရင်ထဲမှာ မချိမဆန့်ခံစားရတယ်။ ရင်ထဲကိုမခံစားနိုင်ဘူး ကိုယ်လည်းသားသမီးရှိတော့ အဲလိုဖြစ်လိုက်တယ်ဆို။ နောက်ကလေးသူငယ်တွေကို နှိပ်စက်သတ်ဖြတ်တာဆို ကလေးငယ်တွေကဘာလုပ်နေလို့လဲ သူတို့ဘာသာ စာရေးစာဖတ်နေတာလေ အဲဒါကို လေယာဉ်ကြီးတစင်းလုံးဝင်ပစ်နေတာ သူတို့ဘာသာသတင်းမှားလို့ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် လေယာဉ်နဲ့ ဝင်ပစ်စရာအကြောင်းကိုမရှိတာ။ ခွေးသားတွေ မိုက်ရိုင်းတယ်။ စုတ်ပဲ့တယ်။ ရွံတယ်။” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ဆိုလိုက်ပါတယ်။ 

  • စစ်ကောင်စီထင်သလောက်ခရီးပေါက်ခဲ့ရဲ့လား 

အဓိကအင်အားထွက်ရှိရာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း(မြောက်ပိုင်း) တွေရဲ့ အဓိကလမ်းမကြီး ၉၀ ရာခိုင်နှုန်းနဲ့ ကျေးရွာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းတွေကို PDF တွေစိုးမိုးထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောဆိုခဲ့ပါတယ်။ 

အဲဒီပြောဆိုချက်ကို PDF အဖွဲ့တွေက အပြည့်အဝမထောက်ခံကြပေမယ့် မငြင်းပယ်ခဲ့ကြပါဘူး။ မြေပြင်အနေအထားအရ ပြောဖို့စောလွန်းတယ်လို့ဆိုပြီး ရန်သူဖြစ်တဲ့ စစ်ကောင်စီဘက်က ထိုးစစ်တွေအရှိန်မြှင့်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 စစ်ကောင်စီကတော့ အစဉ်အဆက်အာဏာရှင်တွေရဲ့ ရှေးရိုးစွဲ လမ်းညွှန်မြေပုံတွေအတိုင်းပဲ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြောက်တရားထည့်ပြီး ထိန်းချုပ်အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အေးချမ်းတည်ငြိမ်နေတဲ့ အထက်အညာဒေသမှာ မီးလောင်ပြင်စစ်တလင်းနဲ့ လူထုရဲ့ ရွံရှာမုန်းတီးစိတ်နဲ့ အမြစ်ဖြတ်တိုက်ချင် စိတ်ကိုသာ လက်ခံရရှိလိုက်ပါတယ်။ 

တိုက်ပွဲများနဲ့ ရှောင်တိမ်းနေကြရတဲ့ ကြားကပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာရေးကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နေသလို စစ်ကောင်စီအုပ်ချုပ်မှုယန္တရားဟာ ကျေးရွာတွေမှာ စိုးမိုးထိန်းချုပ်ထားနိုင်မှုမရှိတော့ဘဲ တရွာပြီးတရွာလက်လွှတ်ဆုံးရှုံးနေတာကို သတင်းအချက်လက်တွေမှာ တွေ့မြင်ရမှာပါ။ 

“ရွာတွေမီးရှို့ပြီးအရင်လို ဟိုးတုန်းကလို့ အကြောက်တရားပုံစံမျိုးပြပေမယ့်လည်း ကျန်တဲ့သူကတော့ ဥပမာဆိုပါစို့ ရွာတရွာမှာ ၁၀ ယောက်ရှိတယ် မီးရှို့လို့ ၅ ယောက်ကျန် အဲ ၅ ယောက်က PDF ဖြစ်ပြီ။ သူတို့လည်းသိတယ်။ ဒါပေမယ့်သူတို့ဆုပ်ကိုင်ထားတာ ပြည်သူကိုအကြောက်တရားနဲ့ အုပ်ချုပ်မယ်ဆိုတာ ခေါင်းထဲမှာရှိနေတော့ မကြောက်ကြောက်အောင် ဖြဲကြောက်နေတာ သူတို့ကိုယ်တိုင်ကြောက်နေတာ မီးရှို့နေသူတွေတောင် ဟိုတုန်းကလို ပေါ်တင်မလုပ်ရဲဘူး ခိုးဝင်ခိုးရှို့၊ ခိုးထွက်နဲ့ သူတို့မှာကို အကြောက်တရားနဲ့ အမိန့်အရသာလုပ်နေတာ ကိုယ်စီအကြောက်တရားတွေရှိနေကြပြီ” လို့ စစ်သားလူထွက် ကဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီး တနှစ်ခွဲကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီဟာ မီးကုန်ယမ်းကုန် ရက်စက်မှုပေါင်းလုပ်ပြရင်း အကြောက်တရားထည့်ခဲ့ပေမယ့် ထိန်းချုပ်လို့မရသေးဘူးဆိုတာကို နေ့စဉ်တိုက်ပွဲသတင်းတွေက ဖော်ပြနေပါတယ်။ အခြားတဖက်မှာလည်း တည်ငြိမ်နေတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေတွေမှာ စစ်မျက်နှာပိုမိုဖွင့်လှစ်ရတော့မယ့် အခြေနေကိုလည်း ရင်ဆိုင်လာနေရပါပြီ။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10