စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

မုံရွာမြို့၊ GTI နည်းပညာတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို Snipe Rangers Force (LPDF) အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့ ၁၀ ဖွဲ့က သြဂုတ် ၁၂ ရက်မနေ့ညနေ ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ 

“အင်အားကတော့ ပုံသေမရှိဘူး၊ ဒီကောင်တွေက နည်းပညာတက္ကသိုလ်အထဲမှာ တပ်စွဲတယ်။ ပြီးရင် စစ်ကြောင်းပတ်ထိုးတယ်၊ ပြီးရင် ဘယ်ရောက်လို့ ရောက်သွားကြမှန်းမသိဘူး၊ အဲ့ဒါပြီးတော့ နောက်တဖွဲ့ ပြန်ရောက်လာပြန်တယ်၊ ပစ်ခတ်တာတော့ တော်တော်များများ ပစ်ခတ်ခဲ့တာပါ” လို့ Snipe Rangers Force (LPDF) ရဲဘော်ဆလိုင်းက ပြောပါတယ်။

စနိုက်ပါ ၆ လက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“၃ ယောက်တော့ ထိတယ်၊ သေဆုံးတာပါ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ကောင်တာပြန်တာပေါ့၊ G3 နဲ့ ပြန်ပစ်တာလည်း ရှိပါတယ်” လို့ ရဲဘော်ဆလိုင်းက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Snipe Rangers Force (LPDF)၊ Delta Force(တောင်သာ)၊ EPC၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့၊ PTTF၊ အရာတော် ဘုန်းနိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း 19၊ Peacock King PDF၊ SRAF BLDF၊ Gaara BLDF တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း မြင်းမူမြို့နယ်၊ ငါးကင်းကျေးရွာတဝိုက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို Snipe Rangers Force (LPDF) အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူ သြဂုတ် ၁၂ ရက်မှာပဲ ယင်းမာပင်မြို့နယ်၊ ယန်စီကုမ္မဏီကနေထွက်လာတဲ့ စစ်ကြောင်းကို အင်ကြင်းတောင်အနီးမှာ BDF-Yinmarbin( Brother Defense Force) နဲ့  တွေ့မရှောင် မဲမှောင်ပြောက်ကျားတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲထွက်လာတာဖြစ်ပြီး အင်ကြင်းတောင်အနီးရောက်လာတဲ့ စစ်ကြောင်းကို ရှေ့ထွက်မိုင်းအပြင် ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“အင်ကြင်းတောင်အနီး ၃၀ စီနဲ့ တပ်ဖြန့်လာချိန်မှာ ရှေ့ထွက်ပြောင်း ၆ လုံး မိုင်း ၆ လုံးခွဲခဲ့တာ၊ ကမ်းပါးရံမှာ အကုန်လုံးထိတယ်၊ ကမ်းပါးစောင်းကနေ ခုန်ချတဲ့သူကလည်း ခုန်ချတယ်၊ ဖုန်တွေကလည်း လုံးတက်လာတယ်၊ သူတို့ဘက်က ဂန်းငယ်တွေနဲ ပြန်ပစ်တယ်၊ ၆၀ မမနဲ့လည်း ပစ်တယ်” လို့ BDF - Yinmarbin (Brother Defense Force) ခေါင်းဆောင် ဗိုလ်နေလအောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာလည်း စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗိုလ်နေလအောင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းကနေ သစ်တွေ ခိုးထုတ်နေတဲ့ စစ်အုပ်စုကို BDF - Yinmarbin အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

အခုနှစ်အတွင်း စစ်ကိုင်းတိုင်းက မြို့နယ်အများစုမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး နေ့စဥ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားလျှက်ရှိနေပါတယ်။  

ပုံစာ - မုံရွာမြို့၊ GTI ကျောင်းအတွင်းက စစ်သားတွေကို တိုက်ခိုက်နေသည့် Snipe Rangers Force (LPDF)နဲ့ မဟာမိတ်အဖွဲ့ဝင်တချို့။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #ယင်းမာပင် #စစ်ကောင်စီ #တိုက်ခိုက် #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10