စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့မတ်လ ၂၅ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဆားတောင်မြို့ကနေ သိမ်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကိုင်းအခြေစိုက် တမခ ၃၃ က စစ်သားတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်နဲ့ ဆားတောင်မိုးကြိုးအဖွဲ့တို့က မတ်လ ၂၅ ရက်တနေ့တည်းမှာတင် ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။


“ကူကြီးကုန်းနဲ့ သိမ်ချောင်းအကြားမှာ မနက် ၅ နာရီ ၄၅ မိနစ်အချိန် စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ၁ ယောက်ထိတယ်။ ဘယ်ဘက်ရင်အုံရဲ့အောက်ကို မှန်သွားပြီး ည ၂ နာရီထိုးမှာ အဲ့ဒီကောင်သေသွားတယ်” လို့ Zero ပြောက်ကျား တပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ မနက်ပိုင်းတိုက်ခိုက်ခံရပြီးနောက် သိမ်ချောင်းရွာဘက်ကို ပြန်လည်စစ်ကြောင်းချီလာချိန် ည ၇ နာရီခွဲလောက်မှာလည်း သိမ်ချောင်းရွာအနီးမှာပဲ အထက်ပါကာကွယ်ရေးတပ်တွေက ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ ဗိုလ်သက်ကြီးက ဆက်ပြောပါတယ်။

“အဲ့ဒီစစ်ကြောင်းပြန်ထွက်လာပြီး သိမ်‌ချောင်းဘက်ကိုလာတဲ့အချိန် ည ၇ နာရီခွဲမှာ သိမ်ချောင်းရွာ ချောင်းတံတားကမဖြတ်ဘဲ တံတားရဲ့တောက်ဘက်ခြမ်းက သွားတဲ့အချိန် မြောက်ဘက်ခြမ်းကနေ အနီးကပ်ပစ်ခတ်တာ ၄ ကောင်ရတယ်။ ထိတွေ့တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ကြာတယ်။ စနိုက်ပါနဲ့ပစ်ခတ်တာ ၁ ကောင်၊ ချောင်းထဲမှာပစ်တာ ၄ ကောင် စုစုပေါင်း စစ်သား ၅ ကောင်သေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာစစ်စခန်းကနေ ကင်းပတ်ထွက်လာတဲ့ စစ်သားတွေကိုလည်း မတ်လ ၂၅ ရက်ည ၉ နာရီခွဲလောက်မှာ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ နဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

“နေရာတင် စစ်သား ၃ ဦးထိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ရတယ်။ အဲ့ဒီစစ်သားတွေဟာ အင်အား ၁၀၀ နီးပါးနဲ့ ကန့်ဒေါင့်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက တပ်စွဲနေတာ။ ဘယ်တပ်ကလာပြီး တပ်စွဲထားတယ်ဆိုတာတော့ မသိရဘူး” လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဆယ်ဂဏန်းနီးပါး သေဆုံးခဲ့တယ် ဆိုပေမယ့် ဒီအရေအတွက်နဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း ပုလဲမြို့‌ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်ထွေအုပ်ရုံးကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10