စစ်ကိုင်းတိုင်းတွင် 1027 စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ဖော်ဆောင်

စစ်ကိုင်းတိုင်းတွင် 1027 စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ဖော်ဆောင်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းကိုပါ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့ ဒီကနေ့တွင် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး ဖော်ဆောင်ခဲ့တဲ့ 1027 စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်းတွင် သာမက စစ်ကိုင်းတိုင်း၊ ထီးချိုင့်တွင်လည်း စစ်ဆင်ရေးတွေမှာ မဟာမိတ်အဖွဲ့မှ AA က ပါ၀င်ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတွေပါ ဆက်တိုက်လုပ်ဆောင်နေတဲ့ ထီးချိုင့်တွင် AA က စစ်ဆင်ရေးရဲ့ အရေးကြီးတဲ့နေရာတွေနဲ့ စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေတဲ့နေရာ တွေမှာပါ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"၂၇ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတာ။ ဒီနေ့အထိလည်း လေကြောင်းပစ်ကူတွေလာပြီး ထိတွေ့ တိုက်ပွဲတွေနဲ့ ကြိုကြားတိုက်ပွဲတွေဖြစ်နေတုန်းပဲ" လို့ ထီးချိုင့်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ တပ်ဖွဲ့၀င်ဖြစ်တဲ့ AA က ကချင်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတို့တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲ၀င်နေတာဖြစ်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၃၀ မနက်မှာ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းကိုပါ တိုက်ပွဲဖော်ဆောင်လာမှုကို စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုဆိုတယ်လို့ ဆိုပါတယ်။

"အခု ထီးချိုင့်မှာဖြစ်နေတော့ စစ်ကိုင်းထဲ၀င်လာပြီပေါ့။ ထီးချိုင့်နဲ့ ကန့်ဘလူဆိုတာ နီးနီးလေး။ တိုက်ပွဲတွေက ဆက်လာမှာ။ လူအင်အား လက်နက်အင်အားကောင်းတဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ကြိုဆိုတယ်" လို့ စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #မော်ကွန်းတောင် #စစ်ကောင်စီတပ် #ရက္ခိုင့်တပ်မတော် #AA #ညီနောင်မဟာမိတ်သုံးဖွဲ့  #1027 #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10