စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

 

စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းတာနဲ့ သန်းခေါင်စာရင်းကောက်ယူမယ်လို့ ကြေညာထားပေမယ့် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာတော့ အောက်တိုဘာ ၃ ရက်ဒီနေ့အထိ မြို့လုံးကျွတ် ကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယပတ်ကစလို့ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး ၃ မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတာကြောင့် ဒေသခံပြည်သူတွေက ဘေးလွတ်ရာစစ်ရှောင်နေရတဲ့အတွက် အဲ့ဒီဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ယူမယ့်သူမရှိဘူးလို့ ဆိုပါတယ်။

“ကောလင်း၊ ပင်လည်ဘူး မြို့ပေါ် နယ်ပါမကျန် သူတို့အုပ်ချုပ်ရေး ယန္တရား မလုပ်နိုင်ဘူးလေ။ အုပ်ချုပ်ခံလူလည်း မရှိဘူး၊ ပင်လည်ဘူးဆို အကုန်ရှင်းတယ်။”လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်တွေဘက်က သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ ဒီပဲယင်းနဲ့ ကောလင်းမြို့နယ်မှာလည်း စစ်တပ်အုပ်ချုပ်ရေးယန္တရား ပျက်စီးသွားတဲ့အတွက် မြို့ပေါ်ရော ကျေးရွာတွေဘက်မှာပါ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဥ် လုံးဝလုပ်ဆောင်နိုင်မှုမရှိဘူးလို့ ဆိုပါတယ်။

“သန်းခေါင်စာရင်းက သူတို့ကောက်လို့မရဘူး။ မြို့ထဲက ပြည်သူတွေ အားလုံးကထွက်သွားပြီးပြီလေ။ (စစ်တပ်)သူတို့ပဲ ကျန်တော့တာ၊ (စိုင်ပြင်)ဘက်လည်း မကောက်နိုင်ဘူး၊ စခန်းထဲကတောင် မထွက်ရဲဘူး။”လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ တနိုင်ငံလုံးမှာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာတော့ စစ်တပ်စိုးမိုးထားနိုင်တဲ့ မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့အနီးနားက ကျေးရွာတွေမှာသာ ကောက်ယူမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ကသာ၊ ကနီ၊ မြင်းခြံ၊ နွားထိုးကြီး၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေမှာလည်း စစ်ရေးအခြေနေအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ခြင်းမရှိတာကြောင့် အခုချိန်ထိ သန်းခေါင်စာရင်း ကောက်ယူတာတွေမလုပ်နိုင်ဘူးလို့ သိရပါတယ်။

ပုံစာ - ကလေးမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်များ အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းကောက်ယူနေစဉ်။ (ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #သန်းခေါင်စာရင်း #မြို့သိမ်းတိုက်ပွဲ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10