စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ မြို့နယ်မှာ ၃ ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံးရေ ၂၀၀ ကျော် ကြဲခံရ    ■ ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံး

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ မြို့နယ်မှာ ၃ ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံးရေ ၂၀၀ ကျော် ကြဲခံရ ■ ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံး

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၃ ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံး ၂၀၀ ကျော် ကြဲချခဲ့တာကြောင့် ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာနဲ့ သစ်ဆိမ့်ရွာအနီးဝန်းကျင်က ကျေးရွာတွေကို ဗုံးသီး ၄၈ လုံး၊ ညပိုင်းမှာတော့  မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတချို့ကို ထောက်ပို့ယာဥ်နဲ့ ၉ ကြိမ် ဗုံးကြဲခဲ့သလို အဲ့ဒီနေ့တရက်ထဲမှာ ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို ဗုံးသီး ၉၄ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မုံရွာမြို့နယ် စစ်ရှောင်စခန်းတခုက ကလေးငယ် ၂ ဦးနဲ့ အမျိုးသား ၁ ဦး၊ ညောင်ဖြူပင်ရွာနဲ့ သစ်ဆိမ့်ရွာက ပြည်သူ ၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တဲ့အပြင် မုံရွာမြို့နယ် ဘုဘရွာမှာတော့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးအပါ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မုံရွာမြို့နယ်၊ ကိုးရှင်းကျွန်းရွာကို လေကြောင်းနဲ့ ဗုံးကြဲလို့ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်သာရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံးကာ စုစုပေါင်း ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့မှာပဲ ကလေးမြို့နယ် တောင်ပိုင်းက ဟားခါးလေး၊ ရှားဖို၊ အရှေ့စည်း၊ ဒိုးနွယ် စတဲ့ကျေးရွာတွေကိုလည်း Y12နဲ့ ဗုံးသီး ၄၀ ကျော် ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာတော့ ကလေးမြို့နယ် တောင်ပိုင်းက နတ်ချောင်းတိုက်နယ်ဆေးရုံကို ဗုံး ၃၀ ကျော်ကြဲချခဲ့တာကြောင့် ဆေးရုံအဆောက်အဦတချို့ ပျက်စီးခဲ့ပြီး ည ၁၀ နာရီမှာတော့ သံဖိုရွာကို ဗုံးကြဲခဲ့ကာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားပြည်သူတွေအပေါ်  ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေ၊ အထောက်အကူပစ္စည်းတွေကို တင်ပို့၊ သယ်ယူ ရောင်းချတာတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ စစ်အုပ်စုကို အမြန်ဆုံးအရေးယူနိုင်ရေး လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေကို တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံစာ - ဖေဖော်ဝါရီ ၁၄ ရက်နေ့ လေကြောင်းကြဲခံရပြီးနောက် တွေ့ရတဲ့ နတ်ချောင်းတိုက်နယ်ဆေးရုံ

#မြေလတ်အသံ 

#စစ်ကိုင်း #အရပ်သား #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #ကလေးငယ် #သေဆုံး #ကုလသမဂ္ဂ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10