စစ်ကိုင်းတိုင်းမှ မန္တလေးမြို့ကို ဝင်ရောက်တဲ့လမ်းတွေမှာ စစ်တပ်က လုံခြုံရေး တင်းကျပ်စစ်ဆေး

စစ်ကိုင်းတိုင်းမှ မန္တလေးမြို့ကို ဝင်ရောက်တဲ့လမ်းတွေမှာ စစ်တပ်က လုံခြုံရေး တင်းကျပ်စစ်ဆေး

မန္တလေးမြို့တွင်း စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရမှုများလာပြီးတဲ့နောက် စစ်ကိုင်းဘက်ကနေ မန္တလေးမြို့ထဲကို ဝင်ရောက်တဲ့လမ်းတွေမှာ စစ်ကောင်စီတပ်တွေ အများအပြားချကာ မှတ်ပုံတင်စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ကို စစ်ကိုင်းဘက်ခြမ်းကဝင်ရောက်နိုင်တဲ့  စစ်ကိုင်း-မန္တလေးတံတား၊ မန္တလေးဆိပ်ကမ်းနဲ့ မတ္တရာမြို့ဘက်ကဝင်တဲ့လမ်းတွေမှာ အဓိကစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အရင်က အစစ်ဆေးမရှိခဲ့ဖူးတဲ့ မန္တလေးဂေါဝိန်ဆိပ်ကမ်းနဲ့ မရမ်းခြံဆိပ်ကမ်းတွေမှာ စစ်ကောင်စီတပ်တွေ နေရာခွဲကာ အထိုင်ချထားပြီး ခရီးသည်တင်မော်တော်ယာဥ်တွေကို အဝင်အထွက်မှတ်ပုံတင်စစ်ဆေးတာနဲ့ တခါတရံ ပစ္စည်းတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ခရီးသည်တင်မော်တော်ယာဥ်တွေအားလုံးက ခရီးသည်ရဲ့ နာမည်နဲ့မှတ်ပုံတင်တွေကို အဝင်အထွက် စစ်တပ် ဂိတ်ကို သွားပေးရတယ်။ အဲ့ဒီစာရွက်အတိုင်း သူတို့ကမော်တော်ပေါ်တက်စစ်တာ" လို့ ဒေသခံတဦးက ပြောပါ တယ်။

အလားတူ စစ်ကိုင်းတံတားအဝင်အထွက်မှာလည်း ခရီးသည်တင်ကားတွေက လိုက်ပါလာတဲ့ခရီးသည် စာရင်းကို ဂိတ်တွေမှာပေးရတယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်နဲ့သွားလာနေတဲ့သူတွေကိုလည်း ဂိတ်ချစစ်ဆေးတာတွေလုပ်ဆောင်ပြီး မသင်္ကာပါက ဖမ်းဆီးသွားတာမျိုးတွေလည်း လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကိုင်းဘက်ကရော မန္တလေးဘက်ကရော တံတားထိပ်တွေမှာ စစ်တယ်။ မန္တလေးဘက်က စစ်တာက ပိုကြမ်းတယ်။ မှတ်ပုံတင်ဝါးနေရင်တောင် နားပန်ရိုက်ခံရသေးတယ်" လို့ စစ်ကိုင်းမြို့ပေါ်က လူငယ်တဦးက ပြောပါ တယ်။

စစ်တပ်က မြို့အဝင်ဂိတ်တွေမှာ အခုလိုစစ်ဆေးနေတာဟာ တလနီးပါးရှိနေပြီး မန္တလေးမြို့တွင်း စစ်ကောင်စီ လက်အောက်ခံနေရာတွေ တိုက်ခိုက်ခံရတဲ့ရက်တွေဆိုရင် စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်က ပိုပြီးတင်းကျပ်လေ့ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာလအတွင်း စစ်သားတဦးနဲ့ ရဲတဦး စခန်းတွေရှေ့မှာတင် ပစ်သတ်ခံခဲ့ရသလို စသုံးရုံးနဲ့ ၉၅တပ်ရင်းကြားက ကျောက်တော်ကြီးပွဲစျေးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #စစ်ကိုင်းတံတား #လုံခြုံရေးတင်းကျပ် #စစ်ကိုင်းတိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10