စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ပထမအပတ်မှစတင်ကာ ဆက်တိုက်စစ်ကြောင်းထိုးမွှေနှောက်ပြီး နေအိမ်မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံ ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဝက်လက်မြို့နယ်၊ သမ္မာရိုးကျေးရွာက အမျိုးသမီး ၄ ဦး အပါအဝင်ဒေသခံပြည်သူ ၇ ဦးကို သတ်ဖြတ်သွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင် ၁၀ ရက်မှာ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ် အစပ်ကိုရောက်ရှိခဲ့ပြီး ညောင်ပင်ရွာကို ဆက်လက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

"ညောင်ပင်ရွာက စိတ်မနှံ့တဲ့အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် အသတ်ခံထားရတယ်။ အဲ့ဒီရွာမှာ လေးယောက်အသတ်ခံရတယ်လို့ ကြားတယ်။ ဘေးရွာတွေရောဆို အသတ်ခံရတဲ့သူတွေတော်တော်များတယ်။ အတိအကျမသိရဘူး။ အသတ်ခံရတဲ့သူအများစုက စိတ်မနှံ့တဲ့သူတွေ" လို့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ မြင်းမူမြို့နယ်ထဲက ဆပ်ပြာကျင်းကျေးရွာကို ဆက်လက်ဝင်ရောက်ကာ မြင်းမူမြို့နယ်ထဲက စစ်ကြောင်းတကြောင်းနဲ့ ပူးပေါင်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"စစ်ကြောင်းဖြတ်တဲ့ရွာတိုင်းက ဒေသခံတွေ အဖမ်းခံရတယ်။ နေမကောင်းလို့ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့လူတွေနဲ့ စိတ်မနှံ့တဲ့သူတွေ၊ ရှောင်တဲ့အချိန် မိသွားတဲ့လူတွေပါ။ ဆပ်ပြာကျင်းကနေ စစ်ကြောင်း ၃ ကြောင်းထပ်ခွဲထားတော့ လူဦးရေစာရင်းက ပြောဖို့ခက်ပါတယ် "လို့ ဒေသခံတဦးကဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ မြင်းမူမြို့နယ်အတွင်းမှာ စစ်တပ်က အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်က ငွေတွင်းရွာမှာ စစ်ကြောင်းတကြောင်း၊ မြင်းမူမြို့နယ် ရွှေကျောင်းကန်ရွာမှာ စစ်ကြောင်းတကြောင်းနဲ့ မြင်းမူမြို့နယ်ကင်းလေးတောရွာမှာ စစ်ကြောင်းတကြောင်း စသဖြင့် စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

ဒီလို စစ်ကြောင်းထိုးနေတာတွေကြောင့် အရာတော်နဲ့ မြင်းမူမြို့နယ်စပ်က ငွေတွင်း၊ မင်းရွာ၊ ညောင်ခြေထောက်၊ ရသာ၊ ထင်ကန်၊ ငကင်းမြောက်ရွာ - တောင်ရွာ၊ ယမ၊ ကံသုံးဆင့်၊ ညောင်ပင်ရွာ၊ မလဲသာ၊ ကံရင်း၊ အင်းမ၊ ခွက်ခွင်း၊ ဆပ်ပြာကျင်း၊ ပဲခူး၊ ညောင်ပင်ကန်၊ မဲနော၊ ရုံးသာ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၃၀ကျော် က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှ နေအိမ်နှင့်စျေးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #အရာတော် #မြင်းမူ #စစ်ကောင်စီ #မီးရှို့ #ဓားစာခံ #ငွေတွင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10