စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄ ခုက အမျိုးသား ၆ ဦးကို စစ်ခုံရုံးကနေ ထောင်တသက်တကျွန်းချမှတ်

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄ ခုက အမျိုးသား ၆ ဦးကို စစ်ခုံရုံးကနေ ထောင်တသက်တကျွန်းချမှတ်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၄ မြို့နယ်က အမျိုးသား ၆ ဦးကို အောက်တိုဘာ ၂၀ ရက် တရက်တည်းမှာပဲ သက်ဆိုင်ရာမြို့နယ်ရှိ စစ်ကောင်စီစစ်ခုံရုံးကနေ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ 

PDF နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးခံထားရတဲ့ ယင်းမာပင်၊ ရွှေဘို၊ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်က အမျိုးသား ၆ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်တသက်ချမှတ်လိုက်တာပါ။ 

ဒီပြစ်ဒဏ်တွေ ချမှတ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ခုလိုပြောပါတယ်။ 

"မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ဥပဒေကတော့ တရားသူကြီးအနေနဲ့ ပါဝါမရှိဘူး။ သူ့အနေနဲ့ စစ်တပ်က သေဒဏ်ချဆိုရင်ချရတာပဲ။ ဥပဒေက စစ်ကောင်စီရဲ့ပါးစပ်ဖျားမှာ ရှိနေတဲ့ဟာကို တရားသူကြီးတွေက အကောင်အထည်ဖော်ပေးနေရရုံသာသာပဲရှိတယ်။ နိုင်ငံတကာဥပဒေနဲ့လည်း ကိုက်ညီမှုမရှိဘူး"လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ယင်းမာပင်မြို့က ဇေယျာမျိုး(ခ)စောရန်နိုင်နဲ့ သန်းဇော်လင်းတို့ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (ခ)၊ ရွှေဘိုမြို့က မင်းခန့်ကျော်(ခ)ပေါက်ကြီးကို အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(စျ)၊ ၅၂ (က)၊ ဗန်းမောက်မြို့က သန်းနိုင်ဦး(ခ)အောင်ဦး၊ အင်းတော်မြို့က ဟိဏ်းမင်းသူ(ခ) အာနိုးနဲ့ ဇော်မြင့်ထွန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာစစ်ကောင်စီတပ်ကို အများဆုံးတော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေကို တော်လှန်ရေးထဲမှာ ဝင်မပါဖို့နဲ့ ထောက်ခံမှုမပြုလုပ်ရဲအောင် ရည်ရွယ်ပြီးတော့ ဖမ်းဆီးခံဒေသခံတွေကို ပုဒ်မအမျိုးမျိုးတပ်ကာ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်နေတာဖြစ်ပြီး ဒါဟာ ပြည်သူတွေကို အကြောက်တရားဖြစ်အောင် လုပ်နေတာလို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

အလားတူ ဧပြီလ ၃ ရက်မှာလည်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းနဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကန်းနီကျေးရွာက ကိုမင်းမင်းဦး ၂၇ နှစ်တို့ကိုလည်း အင်းတော်စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်ခဲ့ပါတယ်။

မြေလတ်အသံက ဖော်ပြခဲ့တဲ့သတင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ အင်းတော်တမြို့တည်းမှာတင် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦးအထိရှိပြီလို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #စစ်ခုံရုံး #ထောင်ဒဏ် #တသက်တကျွန်း #အကြမ်းဖက်ဥပဒေ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10