စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၃ ခုမှာ မြို့သိမ်းတိုက်ပွဲတွေဆက်ဖြစ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၃ ခုမှာ မြို့သိမ်းတိုက်ပွဲတွေဆက်ဖြစ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လယ်ဘူး၊ အင်းတော်၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ ဩဂုတ်လကစပြီး မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းဖြစ်နေကာ စက်တင်ဘာ ၈ ရက် ဒီကနေ့ထိ တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီစခန်းအများစုကိုသိမ်းထားနိုင်သလို အလင်းဝင်လာသူတွေလည်း ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက်မှာ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို ပြန်လည်စတင်ခဲ့ကြပြီး စစ်ကောင်စီတပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ စိုးမိုးကုန်းနဲ့ ကျောက်တိုင်ကုန်းတို့ကို ကာကွယ်ရေးတပ်တွေဘက်က ရရှိထားပြီးဖြစ်ကာ ရဲစခန်းနဲ့ အာရှဘဏ်ကုန်းမှာ အင်အား ၂၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်မှာ စစ်ကူရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေထဲကနေ အယောက် ၈၀ ကျော် လက်နက်ချအလင်းဝင်ရောက်လာပြီး အဆိုပါ အလင်းဝင်လာသူတွေထဲမှာ အရာရှိတချို့ပါဝင်သလို ပျူစောထီးနဲ့ အဓမ္မစစ်သားစုဆောင်းခံထားရသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်က ရဲစခန်းနဲ့ အာရှဘဏ်ကုန်းမှာ ကျန်တာပေါ့။ ဩဂုတ် ၃၀ ရက်နေ့မှာ ရဟတ်ယာဥ် ၄ စီးနဲ့ အင်အားလာချတယ်။ အဲ့ထဲက ၈၁ ယောက် အလင်းဝင်လာတယ်။ အဲ့မှာ အရာရှိ ၃ ယောက် ပါတယ်။” လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ဒါ့အပြင် ဩဂုတ် ၂၁ ရက်မှာလည်း ဒုတိယအကြိမ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ထီးချိုင့်မြို့ တဖက်ကမ်းမှာရှိတဲ့ မြတောင်စခန်းကို ဩဂုတ် ၂၃ ရက်မှာ ကာကွယ်ရေးတပ်တွေကရရှိခဲ့ကာ လက်ရှိ မြို့ထဲကစစ်ကောင်စီအထိုင်စခန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြဆဲဖြစ်တယ်လို့ နောက်ထပ် မြေပြင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

“ထီးချိုင့်သိမ်းတိုင်း မြတောင်ဘက်က စစ်ကူပို့တာမို့ စစ်ကူကိုအရင်ဖြိုနေတာ။ ခုက ထီးချိုင့်မြို့ထဲ မြသိန်းတန်တောင်၊ ပဲ့တောင်၊ ကျောက်စေတီ၊ ရွှေကူတောင်ရယ်၊ တံတားထိပ်ရယ် ၅ နေရာ ကျန်သေးတယ်။”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ထီးချိုင့်မြို့ကို စစ်ကောင်စီက ရေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ စစ်ကူ ၁၇၀ ကျော် ပို့ပြီးနောက်မှာ စစ်ကောင်စီဘက်က နယ်မြေပြန်စိုးမိုးဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နဲ့ နယ်မြေထိစပ်နေတဲ့အပြင် မန္တလေးတိုင်းကနေ ကချင်ပြည်နယ်ထိ ရေလမ်းရော ကုန်းလမ်းပါ အသုံးပြုနိုင်တာကြောင့် စစ်ကောင်စီအတွက် အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းတခုဖြစ်သလို ကာကွယ်ရေးတပ်တွေ အတွက်လည်း စစ်ရေးအရအရေးပါတဲ့ မြို့တခုဖြစ်ပါတယ်။ 

အလားတူ ဩဂုတ် ၁၆ ရက်မှာ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ကာ နဘားလမ်းဆုံဂိတ်စခန်း၊ နဘားရွာအဝင် ဂိတ်စခန်း၊ နဘားဘုန်းကြီးကျောင်း ဂိတ်စခန်းနဲ့ ရဲစခန်းတို့ကို ကာကွယ်ရေး တပ်တွေ ဘက်က သိမ်းပိုက်ထားပြီး စစ်တပ်ကုန်းနဲ့ မြို့မဘုန်းကြီးကျောင်း ၂ ခုမှာသာ စစ်ကောင်စီတပ်တွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။ 

အဆိုပါ မြို့သိမ်းတိုက်ပွဲတွေကို ABSDF၊ KIAနဲ့ NUG ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ နယ်မြေခံအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြို့တွေ မကျရေးအတွက် လေကြောင်းသုံး ပစ်ကူပေးတာတွေ၊ ခဲယမ်းနဲ့ အင်အားချထားပေးတာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပင်လယ်ဘူး #အင်းတော် #ထီးချိုင့် #စစ်ကောင်စီ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10