စစ်ကိုင်းနယ်က အမျိုးသား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်က အမျိုးသား ၃ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း အမျိုးသား ၃ ဦးအသတ်ခံခဲ့ရပြီး သူတို့ရဲ့အလောင်းတွေကို အောက်တိုဘာ ၁၃ ရက်ညနေပိုင်းမှာတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူတွေဟာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ဦးကျော်စည်သူ၊ အောင်ချမ်းသာကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုပိုင်လေး၊ အသက် ၂၀ ကျော်အရွယ် ကိုဝင်းနောင်ဌေးတို့ ဖြစ်ပါတယ်။ 

"စီတီးရပ်ကွက်နားမှာ သတ်ခံရတဲ့ ၁ ယောက်ကအရင်ကတော့ လူမှုကူညီရေးအသင်း ၁ ခုမှာ ကားမောင်းတာ။ အသင်းကထွက်ထားတာ ၁ လလောက်ရှိနေပြီ။ ဖြစ်တဲ့နေ့က ဘိလိယက်ခုံကနေ ဝင်ခေါ်သွားပြီး စီတီးအစပ်ပြောင်းခင်းဘေးမှာ သတ်သွားတာ။ ကျန် ၂ ယောက်အသတ်ခံရတာက မသိရသေးဘူး"လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ ကိုကျော်စည်သူကို စီတီးရပ်ကွက်ရှိဘိလိယက်ခုံမှာ လူစုက ဖမ်းဆီးသွားပြီးနောက် သူ့ရဲ့အလောင်းကို ညနေပိုင်းမှာ ရပ်ကွက်အစွန်ရှိ ပြောင်းခင်းအစပ်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ တွေ့ခဲ့ရတာပါ။ 

ကိုကျော်စည်သူဟာ စစ်ကောင်စီနဲ့ရော ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပါ ဆက်နွယ်မှုရှိသူမဟုတ်ဘူးလို့ သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။  

ဒါ့အပြင် ကိုပိုင်လေးနဲ့ ကိုဝင်းနောင်ဌေးရဲ့ အလောင်းကိုလည်း အဲ့ဒီနေ့ညနေပိုင်းက အောင်ချမ်းသာ ကျေးရွာ အနောက်ဘက် လှည်းလမ်းအနီးမှာ လက်ပြန်ကြိုးတုပ်၊ ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာဖြစ်ပြီး ဘယ်အချိန်အသတ်ခံရတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။  

အလောင်းတွေကိုတော့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေက သက်ဆိုင်ရာဒေသတွေကို ပို့ပေးခဲ့ပြီး အောက်တိုဘာ ၁၄ ရက်မှာသင်္ဂြိုဟ်လိုက်ကြပြီလို့ သိရပါတယ်။ 

သေဆုံးသူ ၃ ဦးစလုံးကို ဘယ်သူတွေက ဘာကြောင့်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဒီကနေ့အထိ အတည်မပြုနိုင်သေးပါဘူး။ 

မေလ ၁၀ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာမှာ ရေခါးကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၃ ဦး အသတ်ခံရတဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အမျိုးသား #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10