စစ်ကိုင်းနယ်စပ်က စစ်ကြောင်းကြောင့် ရဲဘော် ၃ ဦး သတ်ခံရပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး

စစ်ကိုင်းနယ်စပ်က စစ်ကြောင်းကြောင့် ရဲဘော် ၃ ဦး သတ်ခံရပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး

စစ်ကိုင်းမြို့နဲ့ မြင်းမူနယ်စပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ရဲဘော် ၃ ဦးသေဆုံးကာ အမျိုးသမီးငယ် ၁ ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဩဂုတ်လ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာကို စစ်ကြောင်းဝင်ပြီး မြစ်တဖက်ကမ်းမှာရှိတဲ့ မြင်းမူ၊ မူး၊ မန္တလေးရွာထဲကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ငယ် ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 ဩဂုတ်လ ၂၂ ရက် မနေ့က အဲ့ဒီစစ်ကြောင်းဟာ ညောင်ပင်ရှည်ရွာကနေ ပေါက်မရွာဘက်ကို စစ်ကြောင်းထိုးချိန် ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်ခတ်လို့ ရှေ့ဆက်တိုးမရဘဲ ထန်းတောဆိပ်ရွာကို စစ်ကြောင်းပြန်လှည့်ချိန် ကင်းရဲဘော်တွေဖမ်းမိပြီး သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

“ကင်းသမားလေးတွေကို မနက် ၁ နာရီလောက်မှာ မိပြီး သတ်ပစ်လိုက်တယ်။ ကင်းကို ပတ်ဝိုင်းလိုက်တာဆိုတော့ ဘယ်လိုမှ မလွတ်တော့ဘူး ဖြစ်သွားတာ၊ နေ့လယ်ပိုင်းမှာ စစ်ကြောင်းထွက်သွားတယ် အယောင်ပြပြီး ကင်းပုန်းနဲ့ကျန်နေခဲ့တယ်။ အဲ့ချိန်မှာ ရွာသားတွေက အလောင်းထွက်ကောက်ချိန် အကောက်မခံဘဲ စက်လက်တွေနဲ့ တောက်လျှောက်ဆွဲတာ။ အဲ့မှာ နောက်ထပ်တယောက် ထပ်ကျသွားတယ်။ လို့ ဒေသခံတဦး က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်လို့ Local PDF ရဲဘော်တွေဖြစ်တဲ့ ရဲဘော် ကျောက်တလုံး၊ ရဲဘော် ဘိုလေးနဲ့ အမည်စုံစမ်းဆဲ ရဲဘော်တဦး သေဆုံးခဲ့ပြီး သြဂုတ် ၂၃ ရက် ဒီကနေ့ထိ အလောင်းကောက်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ဩဂုတ်လ ၂၁ ရက်ကလည်း အဲ့ဒီစစ်ကြောင်းကပဲ ပစ်ခတ်တဲ့ ၆၀ မမ ဗုံးစ ထိမှန်ပြီး အသက် ၂၁ နှစ်ဝန်းကျင် မမီးမီး(အမည်လွှဲ) ခြေ ၂ ဖက်ပြတ်တောက်၊ ခါးပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး မနေ့က နေ့လယ်မှာ မိသားစုဝင်တွေက နာရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ကလေးမလေးက ရေချိုးမယ်လုပ်တဲ့အချိန်မှာ သူ့အနားကို သွားကျတာ။ ခြေထောက် ၂ ဖက်ကတော့ တဲတဲလောက်ပဲ ကျန်တော့တယ်။ ဘယ်ဘက်နံအောက်ရယ် ညာဘက်ချိုင်းအောက်ရယ်က ပေါက်ထွက်သွားတယ်။” လို့ ဒေသခံရွာသားတဦး က မြေလတ်အသံကို ပြောပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်ဟာ သဲနုပုံရွာထဲမှာရှိနေသေးပြီး စစ်ကြောင်းထိုးခံရလို့ အင်းစ၊ ထန်းတောဆိပ်၊ တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ ထန်းတောဆိပ်၊ သဲနုပုံ၊ သာဇင်၊ မူးမန္တလေးကျေးရွာ စတဲ့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၀ ရက်က အင်းစရွာအဝင်မှာ မိုင်းမိပြီး စစ်သား ၅ ဦးဝန်းကျင် သေဆုံးထားတာကြောင့် စစ်ကိုင်းနယ်စပ်က ကျေးရွာတွေကို  အခုလို စစ်ကြောင်းထိုးပြီး ပစ်ခတ်သတ်ဖြတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #မြင်းမူ #LPDF #စစ်ကောင်စီ #ဖမ်းဆီးသတ်ဖြတ် #စစ်ပွဲ #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10