စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်းနယ်စပ်အနီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်လို့ ABSDF စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာကာက ပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက် ညနေပိုင်းကတည်းက မဘိမ်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ၂၁ ရက် ဒီကနေ့ မနက်မှာတော့ မြို့ကိုအပြီးသတ် သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

မဘိမ်းမြို့ဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နဲ့ နယ်နမိတ်ထိစပ်နေတဲ့  မြို့တခုဖြစ်ပြီး နယ်စပ်ဒေသမြို့ဖြစ်တဲ့အတွက် စစ်ရေးအရအရေးပါကာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ၁၉၄ မိုင်ခန့်သာ ကွာဝေးပါတယ်။

 

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာလုပ်တယ်။ လေယာဉ်ဗုံး ၁၀၀ ဝန်းကျင် လည်းကြဲချတယ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ၊ ရန်သူဖမ်းမိတာတွေလည်း ရှိတယ်၊ ရဲစခန်းအလံဖြူပြတယ်ဆိုတာတော့ မဟုတ်ဘူး။ ၂ နေရာ ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတာ” လို့ ရဲဘော် အာကာက ပြောပါတယ်။

 

စစ်ကောင်စီဘက်က သေဆုံးမှုတွေများတဲ့အပြင် ဖမ်းမိတဲ့ သုံ့ပန်းတွေလည်းရှိပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တချို့ကျဆုံးထားကာ လက်ရှိအချိန်မှာတော့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

 

မဘိမ်းမြို့သိမ်း တိုက်ပွဲကို KIAKPDF ABSDF AA PDF ၊ ပကဖနဲ့ နယ်မြေခံအဖွဲ့အစည်းတွေ စုပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

 

အဆိုပါ ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးမိတ်မြို့မှာလည်း ဇန်နဝါရီ ၁၈ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

ပုံစာ - မဘိမ်းမြို့သိမ်းတိုက်ပွဲအပြီး တွေ့ရတဲ့ ABSDFရဲဘော်တွေ

 

#မြေလတ်အသံ

#စစ်ကိုင်းနယ်စပ် #ရှမ်းပြည်မြောက်ပိုင်း #မဘိမ်းမြို့ #PDF #သိမ်းပိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10