စစ်ကိုင်းနယ်၊ တလိုင်းရွာကို စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး

စစ်ကိုင်းနယ်၊ တလိုင်းရွာကို စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၂ ရက်မနက် မနေက ၁၀ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်း PDF အဖွဲ့ဆီက သိရပါတယ်။

အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ တလိုင်းကျေးရွာကို မီးရှို့ပြီး ရွာအနီးပတ်ဝန်းကျင်မှာရှိတဲ့ တောရဘုန်းကြီးကျောင်းတွေမှာ ညအိပ်ခဲ့ကာ ဇူလိုင် ၃ ရက် ဒီနေ့မနက်မှာတော့ ပဒူကျေးရွာဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

"စရှို့တာကတော့ အိမ် လေး၊ငါးလုံးလောက်ရှို့ တာပေါ့။ အဲ့မှာ မီးငြှိမ်းမယ့်သူမရှိတော့ တအိမ်ပြီး တအိမ် ကူးစက်လောင်သွားတာပေါ့။ ဒီနေ့ (ဇူလိုင် ၃ )မှာ ဒေသခံတချို့ဝင်ကြတယ်။ တချို့ကတော့ ရှောင်နေတုန်း"လို့ စစ်ကိုင်း PDF မှ ရဲဘော်တဦး က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဖောကား ၄ စီးနဲ့ တလိုင်းကျေးရွာကိုမီးရှို့ဖို့ ဆယ်ပေတောကျေးရွာကနေ ထွက်ခွာလာချိန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ် လို့လည်း အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

တလိုင်းကျေးရွာကိုမီးရှို့သွားတဲ့ စစ်ကြောင်းဟာ ဇွန်လ ၂၉ ရက်က စမွန်းကျေးရွာကိုဝင်စီးပြီး ဝှက်ထားတဲ့ PDF တွေရဲ့ လက်နက်၊ခဲယမ်းတွေကို သိမ်းယူကာ တပ်မ-၃၃ ကိုမပြန်ဘဲ ဆယ်ပေတောကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲနေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်မှာလည်း အဲ့ဒီစစ်ကြောင်းဟာ တလိုင်းကျေးရွာအနီးက ကားလမ်းနံဘေးမှာ ကင်းပုန်းဝပ်ပြီး PDF ၁၄ ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကိုင်းသတင်းမှန် ပြန်ကြားရေးအဖွဲ့။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #တလိုင်းရွာ #စစ်ကောင်စီ #မီးရှို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10