စစ်ကိုင်းနဲ့မကွေးက စစ်ရှောင်အများစု မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိ

စစ်ကိုင်းနဲ့မကွေးက စစ်ရှောင်အများစု မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိ

မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်လာမယ့် မိုခါမုန်‌တိုင်းကြောင့် မြေလတ်ဒေသတွေမှာ အန္တရာယ်ရှိတဲ့ မုန်တိုင်းရိုက်ခတ်မှုဒဏ်တွေ ခံရနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပေမယ့် မကွေးနဲ့ စစ်ကိုင်းက စစ်ရှောင်တွေ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်တာတွေ မလုပ်နိုင်ကြဘူးလို့ စစ်ရှောင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူနဲ့ဂွမြို့ကို မုန်တိုင်းစတင် ဝင်ရောက်မှာဖြစ်ပြီး ညနေပိုင်းမှာတော့ မုန်တိုင်းပြင်းအား အမြင့်ဆုံးဖြစ်လာမှာဖြစ်ပြီး ၁၅ရက်နေ့ မနက် ၆နာရီမှာ‌တော့ မြေလတ်ဒေသကို ဝင်ရောက်လာမှာဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ဆိုပါတယ်။


“ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဆက်ပြီး ဖြတ်သန်းသွားမဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းလိုဒေသတွေမှာ လေပြင်းချည်းတိုက်မှာမဟုတ်၊ မိုးသည်းထန်မှာတွေလည်း ပါလာပါမယ်ဆိုတာ နားလည်ထားဖို့လိုမယ်" လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လေပြင်းကြောင့် သစ်ပင်လဲတာ၊ တောင်ကျချောင်းရေဆင်းတာ၊ ရေကြီးရေလွှမ်းတာတွေနဲ့ နောက်ဆက်တွဲအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြရမယ်လို့ ဆိုထားပေမယ့် စစ်ရှောင်အများစု ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

“ကျတော်တို့က စစ်ရှောင်နေရတော့ ထွေထူးပြီးပြင်စရာကမရှိဘူး၊ လယ်တွေကလည်း မစိုက်နိုင်လို့ပစ်ထားရတော့ လယ်ကြည့်စရာလည်းမရှိဘူး၊ လေတိုက်ရင် ခိုလို့ရမယ့်နေရာတွေတော့ရှာထားတယ်၊ သယ်စရာကတော့ ချက်စားရမယ့် အိုးတွေပဲရှိတယ်။”လို့ မကွေးတိုင်းထဲက စစ်ရှောင်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ဒေသတချို့မှာ နှမ်းစိုက်ပျိူးထားတာတွေရှိတဲ့အတွက် မုန်တိုင်းလာရင်တော့ နှမ်းတွေ ပျက်စီးနိုင်ပြီး အင်တာနက်ဖြတ်ခံထားရတဲ့နေရာတွေမှာတော့ မုန်တိုင်းသတင်းသိတာ နောက်ကျနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“ပြင်ဆင်မှုကတော့ မရှိသေးဘူး၊ မီးတွေဖြတ် လိုင်းတွေမရတော့ မုန်တိုင်းသတင်းက မနေ့ကမှ သေချာသိရတာ၊ ရွာတွေမီးရှို့ခံရတဲ့အပူတွေက မပြီးသေးတော့ နောက်တပူ မစဉ်းစားနိုင်ကြဘူး၊ စစ်ရှောင်တွေကတော့ ဒုက္ခရောက်မှာ၊ မုန်တိုင်းရော စစ်ရောအကုန်စုံပြီးတော့ တွေ့မှာဆိုတော့ ကံတရား‌ပဲမူတည်ရတော့မှာပဲ"လို့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေး‌ရဲဘော်တွေကလည်း နီးစပ်ရာပတ်ဝန်းကျင်ပြည်သူတွေကို သတိပေးတာ၊ ရွှေ့ပြောင်းခိုင်းတာလောက်ပဲလုပ်နိုင်ပြီး မုန်တိုင်းတိုက်လို့ ထိခိုက်ပျက်စီးမှုတွေရှိလာရင်တော့ အကန့်သတ်နဲ့ပဲ ကူညီနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ခုကတော့ ကျတော်တို့အနေနဲ့ ရှောင်နိုင်ဖို့ပဲ ဦးစားပေးပြီး လုပ်ထားတယ်၊ ကျန်တာတွေတော့ လုပ်နိုင်ခြင်းမရှိသေးဘူး၊ စားဝတ်နေရေးပြင်ဆင်ထားမှုတော့ ရှိပါတယ်၊ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ပစ္စည်းတွေလည်းမရှိတော့ နိုင်တဲ့ဝန်လောက်ပဲ ကယ်ဆယ်ဖို့ ပြင်ဆင်ထားပါတယ်။” လို့ YRAထီးလင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်းတွင်းမုန်တိုင်းဝင်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် ထီးလင်း၊ ဂန့်ဂေါနဲ့ စစ်တွေမှာရှိတဲ့ လေယာဉ်ကွင်းတွေလည်း ပျက်စီးနိုင်ပြီး၊ မုန်တိုင်းအဖျားခတ်မယ့်ဒေသတွေထဲမှာ ပဲခူး၊ ရန်ကုန်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ဒေသတွေပါဝင်နေပါတယ်။

ဒါ့အပြင် ကုန်းတွင်းပိုင်း မုန်တိုင်းဝင်ရောက်ချိန် လေတိုက်နှုန်းက တနာရီကို ၁၃၂ မိုင်ထိ ရှိလာနိုင်တာကြောင့် ရုတ်တရက်အားပိုကောင်းလာတဲ့မုန်တိုင်းနဲ့ ရင်ဆိုင်ရနိုင်ပြီး မုန်တိုင်းဒဏ် ခံစားရမယ့်လူ ၃သန်းထိတိုးလာနိုင်တယ်လို့ GDACSက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြေညာချက်တွေကြောင့် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေပြီး AA တပ်ဖွဲ့ဝင်တွေကလည်း ကယ်ဆယ်ရေးနဲ့ နေရာချထားရေးတွေကို လုပ်ဆောင်နေပါတယ်။

စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ စစ်ရှောင်တွေအတွက်တော့ မုန်တိုင်းဒဏ်ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ နေရာချထားပေးတာတွေကို လက်ရှိအချိန်ထိ လုပ်ဆောင်ပေးသူမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10