စစ်ကိုင်းနဲ့မကွေးတိုင်းက ရွာပေါင်း ၁၀၀ လောက်မှာ ရေကြီးလို့ ရိတ်သိမ်းခါနီးပဲခင်းတွေ ပျက်စီးဆုံးရှုံး

စစ်ကိုင်းနဲ့မကွေးတိုင်းက ရွာပေါင်း ၁၀၀ လောက်မှာ ရေကြီးလို့ ရိတ်သိမ်းခါနီးပဲခင်းတွေ ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နဲ့ ရေလည်ကျွန်းဒေသတွေမှာ ရေကြီးနေတဲ့အတွက် ကျေးရွာ ၁၀၀ နီးပါးရေဘေးကြုံနေရပြီး သီးနှံစိုက်ခင်းတွေလည်း ရေနစ်မြုပ် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဒေသတွေဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိနေပြီး ဇူလိုင်လ ၆ ရက်က စတင်ကာ ရေလည်ကျွန်းဒေသ တကျွန်းလုံး၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာတချို့နဲ့ မြောင်မြို့နယ်က ကျေးရွာ အများစုမှာ ရေကြီးခဲ့တာဖြစ်ပြီး ရေနစ်မြုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ထက် စံချိန်ချိုးတယ်လို့ ဆိုပါတယ်။

“ရေဝင်တာလည်း မတရားမြန်တယ်၊ စောလည်းစောတယ်၊ မနှစ်က ရေကြီးတဲ့ စံချိန်ကိုတောင် ကျော်သွားပြီ၊ မနှစ်က ကျနော်တို့နေတဲ့နေရာ ရေမရောက်ဘူး၊ ခုရေက ပေါင်လယ်လောက် ရောက်နေပြီ” လို့ ရေဘေးကြုံနေရတဲ့ ပြည်သူတဦးက ပြောပါတယ်။ 

ရေကြီးနစ်မြုပ်လို့ အထက်ပါ ဒေသ ၃ ခုက ကျေးရွာ ၁၀၀ နီးပါးမှာရှိတဲ့ တောင်သူတွေရဲ့ မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ခင်း ဧကရာချီ ပျက်စီးခဲ့ပြီး တောင်သူတဦးကို အနည်းဆုံး ၅ သိန်းဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“အသီးနှံဆိုတာက ရကို မရတော့ဘူး၊ တချို့လူတွေကျ ရိတ်ကို မရိတ်နိုင်ဘူး၊ မဆုံးရှုံးတဲ့ တောင်သူ မရှိသလောက်ပဲ၊ သီးနှံက အောင်မြင်ပြီး ကိုယ်ရမယ့်အချိန်မှ ရေကဝင်လိုက်သလို ဖြစ်သွားတာ။”လို့ သူကဆက်ပြောပါတယ်။

မြောင်မြို့နယ်ထဲမှာ ကျေးရွာ ၈၀ ကျော်ရှိပြီး ၆၀ ကျော်က ရေဝင်ရပ်မှာတည်ရှိနေကာ အခုလက်ရှိ မြစ်ရေတိုးနှုန်းက ၂ ရက်အတွင်း ၅ တောင်(၇ပေခွဲ) ခန့်ရှိနေတာကြောင့် ရေဝင်ရပ်က ကျေးရွာ ၆၀ ကျော် ရေဘေးကြုံနေရတယ်လို့ မြောင်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသမှာလည်း ရေကြီးနစ်မြုပ်မှုတွေဖြစ်နေပြီး မြောင်နဲ့ ရေစကြို ဒေသကနေ နေရပ်စွန့် စစ်ဘေးရှောင်လာတဲ့ ကျေးရွာ ၆ ရွာက စစ်ရှောင်ပြည်သူတွေလည်း ရေဘေးနဲ့ ထပ်မံကြုံနေရကာ ကုန်းမြင့်ပိုင်းတွေကို ရှာဖွေပြီး ပြောင်းရွေ့ဖို့ ပြင်ဆင်နေရတယ်လို့ သိရပါတယ်။

“ရေက တော်တော်ဝင်နေတာ၊ ကျွန်းပေါ်နေတဲ့ ပြည်သူတွေလည်း ရှောင်နေရတယ်၊ ရေတွေ အတင်းဝင်ပြီး ကုန်းတွေလည်းမရှိတော့ဘူး၊ တဲလေးတွေလည်း အကုန်မြုပ်နေတော့ မြင့်တဲ့နေရာလေး ရှာနေရတယ်။”လို့ မင်းရွာဒေသခံက စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အခုလက်ရှိ ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝ၊ မုံရွာ၊ မြောင်၊ ရေစကြို၊ ဖောင်းပြင်၊ မော်လိုက်စတဲ့ ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၉ ရက် ဒီကနေ့မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ နိုင်ငံတဝှမ်းမြို့နယ် ၁၆ မြို့နယ်မှာ မြစ်ရေက စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စစ်ကိုင်း #မြစ်ရေ #စံချိန်တင်မြင့်တက် #ပဲစိုက်ခင်း #ပျက်စီး #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10