စစ်ကိုင်းနဲ့ မန္တလေးတိုင်းကကျေးရွာတချို့မှာ ဆေးဝါးပြတ်လပ်နေ

စစ်ကိုင်းနဲ့ မန္တလေးတိုင်းကကျေးရွာတချို့မှာ ဆေးဝါးပြတ်လပ်နေ

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ကျေးရွာတချို့မှာ ဆေးဝါးပြတ်လပ်နေပြီး ဒေသခံတွေအတွက်လည်း လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့အဝင်ဂိတ်နဲ့ မန္တလေးကနေထွက်တဲ့ ရွှေကျင်ဂိတ်တွေမှာ ဆေးဝါးနဲ့ကျန်းမာရေး စောင့်ရှောက်တဲ့ ပစ္စည်းမှန်သမျှကို သယ်ယူခွင့်မပေးတာကြောင့် မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေဘက်က ကျေးလက်ဆေးခန်းတွေအားလုံးမှာ ဆေးဝါး ပြတ်လပ်မှုတွေကြုံတွေ့နေရတာလို့ ဆိုပါတယ်။ 

"အခုချိန်က တုပ်ကွေးတွေ စ,နေပြီဗျ။ နယ်တွေမှာက ပိုက်ဆံတွေပေးပြီး ကာကွယ်ဆေးထိုးလေ့မရှိသလို ထိုးမယ်ဆိုလည်း အဲ့ဒီကာကွယ်ဆေးက ကျနော်တို့ဆီမှာမရှိဘူး။ အခုရောဂါဖြစ်လာပြီဆိုတော့လည်း ကုသဖို့ ဆေးဝါးပါ အနိုင်နိုင်ဖြစ်နေတယ်"လို့ မတ္တရာမြို့နယ်ရှိ CDM ကျန်းမာရေး ဆရာဝန်တဦးက ပြောပါတယ်။ 

စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်က ကျေးရွာတချို့မှာ တုပ်ကွေးရောဂါတွေဖြစ်ပွားနေပြီး ကျန်းမာရေး ဆေးမှူးတွေအကူအညီနဲ့ ရှိတဲ့ဆေးဝါးနဲ့သာ ကုသနေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ သာမန်ဖျားနာပျောက်ဆေး ပါရာစီတမောကိုသာ အားထားနေရပြီး အန်နာပွန်ဆီ၊ ဆီးချိုဆေးနဲ့ တခြားထိုးဆေးတွေက သယ်မရတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

မန္တလေးမြို့ကနေ စစ်ကိုင်းနဲ့ မန္တလေးတိုင်းကမြို့နယ်တွေဘက် လိုင်းပြေးဆွဲတဲ့ကားတွေကို ဆေးဝါးသယ်ယူတာတွေ့ပါက ရွှေကျင်ဂိတ်နဲ့ စစ်ကိုင်းမြို့အဝင်ကစစ်တပ်ဂိတ်ကနေ ကားရော၊လူကိုပါ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၁၀၀ အထိ တောင်းတယ်လို့လည်း ကားသမားတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ပြေးဆွဲနေတဲ့ကားတစီးကို စစ်ကိုင်းမြို့အဝင်မှာ စစ်ကောင်စီကဖမ်းဆီးပြီး ကားနဲ့ ဒရိုင်ဘာကိုပါ ငွေသိန်းရာနဲ့ချီကာ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဥ်ဖြစ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်တွေစိုးမိုးနယ်မြေတွေအတွင်း ပြေးဆွဲနေတဲ့ကားတွေကို စစ်ကောင်စီက နယ်မြေစာရင်းနဲ့ ကားဂိတ်တွေမှာ မကြာခဏ လာရောက်စစ်ဆေးတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ 

ပုံစာ - စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဥ်။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #ဆေးဝါးပြတ်လပ် #စစ်ကောင်စီကန့်သတ် #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10