စစ်ကိုင်းနဲ့ ဝက်လက်ကို စစ်ကောင်စီတပ်က ၄ ရက်ဆက် စစ်ကြောင်းထိုးနေလို့ ရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းနဲ့ ဝက်လက်ကို စစ်ကောင်စီတပ်က ၄ ရက်ဆက် စစ်ကြောင်းထိုးနေလို့ ရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့နယ်တို့ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၁ ရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးဘက်ကနေ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပဒူကျေးရွာထဲ အထိုင်ချတပ်စွဲနေတဲ့ တပ်မ ၃၃ က အင်အား ၅၀ ကျော်ပါစစ်ကြောင်းတို့က စက်တင်ဘာ ၂ ရက်က စတင်ကာ ၄ ရက်အထိ စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို တရွာဝင်၊ တရွာထွက် ပစ်ခတ်ဝင်ရောက်ကာ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"မန္တလေးက လာတဲ့ကောင်တွေက သံခွန်၂စီးနဲ့ ရောက်လာတာ။ သူတို့က ဧရာဝတီမြစ်ကမ်းနံဘေးတလျှောက်မှာရှိတဲ့ ရွာတွေကို သေနတ်တွေ တောက်လျှောက်ပစ်ပြီးဝင်မွှေတာ။ ပြီးတော့ ပဒူက စကစတွေလည်း မန္တလေးကကောင်တွေနဲ့ ပေါင်းဖို့အတွက် ဝက်လက်နဲ့စစ်ကိုင်းအစပ်က ရွာတွေကို ဝင်ရောက်သောင်းကျန်းတာ။ ဒီနေ့မှာတော့ တောင်းရင်းရွာမှာ စစ်ကြောင်း၂ ကြောင်းပေါင်းကြတယ်" လို့ ထွက်ပြေးနေရတဲ့ စစ်ကိုင်းမြို့နယ်က ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုးနေတာကြောင့် စစ်ကိုင်းမြို့နယ်က ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်း၊ ရောက်မဆုပ်၊ ထိပ်ဆူကုန်း၊ ဒင်္ဂါးကျွန်း၊ ထုံဘို၊ ကသဲတာ၊ ရွှေဂဲပြန်၊ မယ်ဇလီကျောင်း၊ တောင်းရင်း(တောင်၊မြောက်)၊ တလိုင်း၊ ခက်ခ၊ ပဒူ၊ စမွန်း၊ ကျောင်းဖြူ၊ အိုက်နိုင်နဲ့ ဝက်လက်မြို့နယ် ထန်းကြီး၊ ပါယ်သူကြီး၊ ပေါက္ကံ စတဲ့ကျေးရွာတွေက ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။

လက်ရှိမှာ ဒေသခံတွေဟာ တောထဲ၊ တောင်ထဲမှာ တဲတွေထိုးပြီး ခိုလှုံနေကြတာ စက်တင်ဘာ ၅ ရက် ဒီနေ့အထိ ရှိလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်တာတွေဖြစ်နေသလို စစ်ကောင်စီစစ်ကြောင်း ၂ ခုဟာလည်း တောင်ရင်းတောင်ရွာမှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပုံစာ -၂၀၂၃ ခုနှစ် မေလ ၁၉ ရက်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာဒေသခံများ ထွက်ပြေးနေစဥ်။ (ပုံဟောင်း)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #စစ်ကြောင်းထိုး #စစ်ရှောင် #ဒေသခံ #အခက်ခဲဖြစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10