စစ်ကိုင်းဖိုရမ်က ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို၊ ဟန်ချက်ညီစစ်ဆင်ရေးကို ညှိနှိုင်းဖော်ဆောင်မယ်လို့ စာထုတ်

စစ်ကိုင်းဖိုရမ်က ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို၊ ဟန်ချက်ညီစစ်ဆင်ရေးကို ညှိနှိုင်းဖော်ဆောင်မယ်လို့ စာထုတ်

စစ်ကိုင်းတိုင်းအထိပါ စစ်ရေးဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကိုင်းဖိုရမ်ကလည်း ကြိုဆိုပြီး စစ်ဆင်ရေးနဲ့အတူ ဒေသအတွင်းဟန်ချက်ညီ စစ်ဆင်ရေးတွေကို ‌ညှိ‌နှိုင်းဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ အောင်ပွဲသတင်းတွေက စစ်ကိုင်းဒေသမှ တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် အားဆေးသဖွယ်ဖြစ်ခဲ့ပြီး စစ်ဆင်ရေးရဲ့ တိုက်ပွဲ၀င်နည်းနာတွေက အတုယူကျင့်သုံးစရာဖြစ် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် MNDAA အဖွဲ့ရဲ့ ပြည်သူသို့အိတ်ဖွင့်ပေးစာပါ အချင်းချင်းသဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး ဘုံရန်သူကို ညီညွတ်စွာတိုက်ဖျက်ဖို့၊ ဒေသအလိုက် ဟန်ချက်ညီစစ်ဆင်ရေးတွေကို ညှိနှိုင်းဖော်ဆောင်ဖို့၊ မဟာမိတ်တပ်ပေါင်းစုတရပ် အမြန်ဖွဲ့စည်းတိုက်ခိုက်ဖို့ စတဲ့တိုက်တွန်းချက်တွေက စစ်ကိုင်းဒေသရဲ့ စစ်ရေးတိုးတက်မှုအတွက် မဖြစ်မနေဖော်ဆောင်ဖို့ လိုအပ်တယ်လို့ စစ်ကိုင်းဖိုရမ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးက ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံရည်မှန်းချက် ဖြစ်လို့ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် မလွဲ ၏မသွေကျော်ဖြတ်ရမယ့် ပထမအဆင့်ဖြစ်ပြီး စစ်ကိုင်းဒေသက တော်လှန်တပ်ဖွဲ့တွေအနေနဲ့လည်း စစ်ဆင်ရေး ၁၀၂၇ ကို အလေးအနက်ကြိုဆိုပြီး ဟန်ချက်ညီ လှုပ်ရှားမှုတွေကို ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အလားတူ ညီနောင်မဟာမိတ်အဖွဲ့ကလည်း ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း‌တွေ၊ စစ်ဖက်နဲ့ သက်ဆိုင်တဲ့စခန်းတွေကို တပြိုင်နက်တည်း ဝင်တိုက်ကြဖို့ လေးလေးနက်နက်တိုက်တွန်းတယ်လို့လည်း ယနေ့မှာ ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပတဲ့ NUG ရဲ့ ၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့အတူ မဟာမိတ် ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေတာဟာ အင်မတန်မှ စိတ်အားတက်ဖွယ်ရာကောင်းကြောင်း၊ တော်လှန်ရေး အောင်မြင်မှုဟာ အဖွဲ့တွေအားလုံးကြား နားလည်မှုရှိရှိ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာခြင်းနဲ့ တိုက်ရိုက်အချိုးကျတာကြောင့် မိမိတို့အနေနဲ့ မဟာမိတ်ဆက်ဆံရေး ဒီထက်ပိုပြီး အားကောင်းခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက်ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တပိုး အားထုတ်သွားရမယ်လို့ ပြောကြာခဲ့ပါတယ်။ 

ပထမဆုံးအကြိမ် စစ်ကိုင်းဖိုရမ်ကို ၂၀၂၃၊ မေလ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း(၁၇၃)ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ရာ ဖိုရမ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ အထွေထွေဟူ၍ ကဏ္ဍ ၄ ရပ်ခွဲကာ ဆွေးနွေးခဲ့ကြသလို KNU အပါအဝင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ အဖွဲ့အစည်းအများအပြားက ထောက်ခံကြိုဆိုကြောင်း သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #၁၀၂၇စစ်ဆင်ရေး #စစ်ကိုင်းဖိုရမ် #မဟာမိတ်  #ညီနောင်မဟာမိတ် #ကြိုဆို #ထုတ်ပြန်ချက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10