စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့မိလို့ မြို့နယ်ပကဖအဖွဲ့ဝင်တာဝန်က ယာယီရပ်ဆိုင်းခံလိုက်ရတဲ့ ကိုနွေဦး

စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့မိလို့ မြို့နယ်ပကဖအဖွဲ့ဝင်တာဝန်က ယာယီရပ်ဆိုင်းခံလိုက်ရတဲ့ ကိုနွေဦး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့မှ ကိုနွေဦး(မြောင်)ကို စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့လိုဆိုပြီး ပကဖ တာဝန်ကနေ ယာယီရပ်ဆိုင်း လိုက်တယ်လို့ သိရပါတယ်။

ကိုနွေဦး(မြောင်) ဟာ မြောင်မြို့နယ် ပကဖ အင်အားစုဆောင်းရေး၊ လေ့ကျင့်ရေးနဲ့ စစ်ရေးတာဝန်ခံတဦးဖြစ်သလို မကြာသေးခင်က ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာလည်း ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူများ စာရင်းမှာ ပါဝင်ခဲ့တာပါ။

"လက်ရှိအခြေအနေကတော့ ကြားတဲ့အတိုင်းပဲပေါ့ဗျာ။ ကျနော်ကခရီးသွားနေတာ မနေ့ကမှ ပြန်ရောက်တာ။ ပြန်ရောက်တော့ လိုင်းလည်းရတယ်။ အင်တာနက်လည်းရတယ်။ ဒါပေမယ့် သတင်းတွေက ပျံ့နေတယ်။ ကျနော့်လာပြောကြတာပေါ့။ အဲ့အချိန်ကျမှ သိရတာ။ ဖိုရမ်မှာပါဝင်တဲ့အတွက်ကြောင့် ပကဖ တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတာကို တိုင်းတာဝန်ခံက လက်မှတ်ထိုးထုတ်တယ်" လို့ ကိုနွေဦး(မြောင်) ကပြောပါတယ်။

မေလ ၃၁ ရက်နေ့မှာ စစ်ကိုင်းဖိုရမ်အစည်းဝေးပြီးသွားခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ မြို့နယ်ပကဖတာဝန်ခံက ဖုန်းဆက်သွယ်လာကာ ဖိုရမ်မှာပါဝင်ခဲ့တဲ့ ကိုနွေဦးကို တိုင်းတာဝန်ခံက နှုတ်ထွက်စာ တင်ခိုင်းနေကြောင်း အသိပေးခဲ့ပြီး မြို့နယ်တာဝန်ခံက လက်မခံခဲ့တဲ့အတွက် ၃ ရက်နေ့မှာတော့ တိုင်းပကဖတာဝန်ခံ ကိုသြဇာ ကိုယ်တိုင် လက်မှတ်ထိုးပြီး တာဝန်ရပ်ဆိုင်းစာ ထုတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တခြားသူတွေကတော့ ဒီကိစ္စအပေါ် အယူခံဝင်မယ်ပေါ့၊ အယူခံဝင်ရအောင် ကျနော်က ပြစ်မှုလုပ်ထားတဲ့သူလည်းမဟုတ်ဘူး၊ ဒီရာထူးချတာတွေနဲ့ ပတ်သက်ပြီး စိတ်လည်းမဝင်စားဘူး၊ ကျ​နော့်အတွက်က တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက်လုပ်နိုင်မလဲဆိုတာပဲ အရေးကြီးတာ။" လို့ ကိုနွေဦး(မြောင်) က ပြောပါတယ်။

ပဇီကြီး လေကြောင်းပစ်ခတ်မှုဖြစ်ပြီး နောက်ပိုင်းမှာတော့ ပကဖအဖွဲ့အစည်းတွေအနေနဲ့ ပွဲတွေမတက်ဖို့ စာထွက်ထားတာရှိပေမယ့် တခြားအဖွဲ့အစည်းတွေနဲ့ အစည်းဝေးတက်ရင် ခွင့်ပြုချက်အဆင့်ဆင့် တောင်းခံရမယ်ဆိုတဲ့ စာကတော့ ဖိုရမ်အစည်းအဝေးပြီးတဲ့ ၃၁ ရက်နေ့ နောက်ပိုင်းမှသာ ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးတာဝန်ခံတဦးက အခုကိစ္စနဲ့ပတ်သက်ပြီး NUG ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဖြေရှင်းဆွေးနွေးဖို့ ရှိတယ်လို့ဆိုပါတယ်။

ကိုနွေဦးကတော့ ဖိုရမ်တက်ရောက်ခဲ့တာဟာ စစ်ကိုင်းတိုင်းအတွင်းက ပျံ့ကြဲနေတဲ့အင်အားစုတွေကို စုစည်းဖို့၊ ပဋိပက္ခတွေကိုထိန်းညှိဖို့၊ ဖက်ဒရယ်ယူနစ်တခုတည်ဆောက်ဖို့၊ NUG ကို အစိုးရအဖြစ်သတ်မှတ်ကာ တဖက်တလမ်းက အထောက်အကူပြုပြီး စစ်အာဏာရှင်ကို ချေမှုန်းဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးအနေနဲ့ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ် စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ် အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း(၁၇၃)ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ရာ ဖိုရမ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ အထွေထွေ ဟူ၍ ကဏ္ဍ ၄ ရပ်ခွဲကာ ဆွေးနွေးခဲ့ကြသလို KNU အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ အဖွဲ့အစည်းအများအပြားက ထောက်ခံကြိုဆိုကြောင်းကို သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်တိုင်လည်း သဝဏ်လွှာတစောင် ပေးပို့ခဲ့ပြီး သဝဏ်လွှာပါ "ဆွေးနွေးပွဲသည်လည်း ပြင်ပ ပယောဂ မပါဘဲ မိမိတို့ ဒေသအခြေအနေနဲ့ကိုက်ညီသော ရလာဒ်များကို ဆွေးနွေးအဖြေရှာနိုင်ကြပါစေလို့ ဆန္ဒပြု" ဆိုတဲ့ ရေးသားမှုမှာလည်း တော်လှန်ရေးအင်အားစုများအကြား ဝေဖန်မှုများမြင့်တက်ခဲ့ပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းဖိုရမ်  #ပြောရေးဆိုခွင့်ရှိသူ #ကိုနွေဦး #NUG #ပကဖ #တာဝန်ရပ်ဆိုင်း #တော်လှန်ရေးအင်အားစု #ထုတ်ပြန်ချက် #သဝဏ်လွှာ #မြောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10