စစ်ကိုင်း-မြစ်ကြီးနားရထား ပြန်ဆွဲဖို့ကြိုးစားတဲ့စစ်ကောင်စီ ဝက်လက်မြို့ကိုပင် မရောက်နိုင်သေး

စစ်ကိုင်း-မြစ်ကြီးနားရထား ပြန်ဆွဲဖို့ကြိုးစားတဲ့စစ်ကောင်စီ ဝက်လက်မြို့ကိုပင် မရောက်နိုင်သေး

စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာကနေ ကချင်ပြည်နယ်အထိ မီးရထားနဲ့ ရိက္ခာလက်နက်သွားပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ဟာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကနေ မီးရထား ရှေ့မဆက်နိုင်ဘဲ ရပ်တန့်ထားတာ တလကျော်ကြာသွားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်က ပေါက်ကန်ဘူတာကို ပြင်ထိန်းရထားတစီးနဲ့ စစ်လက်နက်ခဲယမ်းတင်ဆောင်ထားတဲ့ ရထားတစီးရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်က တွဲဆိုင်း ၆ တွဲပါရထားတစီး ထပ်မံရောက်လာကာ မီးရထားလမ်းတွေကို ပြုပြင်နေရတာနဲ့ ရှေ့မဆက်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ပေါက်ကန်ဘူတာကနေ ၅ မိုင်ခန့်အကွာ သာလိုင်းဘူတာအထိသာ ရထားလမ်းကိုပြုပြင်ထားနိုင်ပြီး ရထားတွေဟာ ရှေ့ဆက်မသွားနိုင်သလို စစ်ကိုင်းရွာထောင်ဘူတာဘက်ကို ပြန်ဖို့လည်း ရထားလမ်းတွေ ဖျက်ဆီးခံထားရတာကြောင့် နောက်ကြောင်း မပြန်နိုင်ဘဲ မီးရထားအားလုံး ပေါက်ကန်ဘူတာနဲ့ သာလိုင်းဘူတာမှာပဲ ရပ်ထားရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"စစ်ကိုင်းကနေ သာလိုင်းအထိတလျှောက်လုံးကို သူတို့က လုံခြုံရေးပေးမထားနိုင်တော့ ကျနော်တို့ဘက်ကလည်း လစ်ရင်လစ်သလို အခွင့်အရေးရရင်ရသလို ရထားလမ်းဖြတ်တောက်တာတွေ လုပ်ထားတာတွေရှိတယ်" လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့မှာ ရထားလမ်းပြင်ဆင်တဲ့ ပြင်ထိန်းရထားပါပေမယ့် လမ်းပြင်ဆင်မှုအပိုင်းတွေမှာ သေချာမလုပ်နိုင်တဲ့အခါ ရထားလမ်းကြံ့ခိုင်မှုမရှိလို့ ရထားမောင်းမရတာလည်းဖြစ်နေတယ်လို့ သိရပါတယ်။ 

" ပုံမှန်ဆိုရင် ဇလီဖားတုံး ၁ တုံးမှာ ကလစ် ၂ ခုတပ်ရတာ။ ဆက်တိုက်သွားရတာ။ အဲဲ့ဒီမှာ အကုန်လုံး တပ်ထားနိုင်တဲ့အနေအထား မရှိဘူး။ တချို့နေရာတွေမှာ လုံးဝ Level ညီနေတဲ့ အနေအထားမှာမရှိဘူး။ အနိမ့်အမြင့်တွေ ဖြစ်တယ်။ ရထားလမ်းကြီးကလည်း ကွေ့ကောက်နေတယ်။ ဖြည်းဖြည်းလေးပဲသွားလို့ရတဲ့ အနေအထား" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ရှင်းပြပါတယ်။ 

သာလိုင်းဘူတာကနေ ဝက်လက်မြို့အကြားက ရထားလမ်းပိုင်းတခုကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲဖြတ်တောက်ထားတာကြောင့် အပျက်အစီးများတဲ့လမ်းပိုင်းဖြစ်နေတယ်လို့သိရပါတယ်။

ဒီရထားတွေကို လုံခြုံရေးပေးဖို့ စစ်ကောင်စီတပ်တွေလည်းရောက်ရှိနေပြီး အနီးနားက ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။ 

ပုံစာ - စစ်တပ်အာဏာမသိမ်းခင်က ရွာထောင်ဘူတာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းမြို့ #ရွာထောင်ဘူတာ #ကချင်ပြည်နယ် #မီးရထား #ရိက္ခာလက်နက် #ဝက်လက်မြို့ #ပေါက်ကန်ဘူတာ #သာလိုင်းဘူတာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10