စစ်ကိုင်းမြို့တွင်းပစ်ခတ်မှု အခွန်ဝန်ထမ်း ၄ ဦးနဲ့ PDF ၁ ဦးသေဆုံး

စစ်ကိုင်းမြို့တွင်းပစ်ခတ်မှု အခွန်ဝန်ထမ်း ၄ ဦးနဲ့ PDF ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ အခွန်ဝန်ထမ်း ၄ ဦးနဲ့ PDF ၁ ဦး သေဆုံးသွားတယ်လို့ စစ်ကိုင်းအခြေစိုက် တောတွင်းတွတ်ပီ LPDF အဖွဲ့ထံက သိရပါတယ်။

မေ ၂၁ ညနေ ၄ နာရီကျော်မှာ CDM မလုပ်တဲ့ လဝကဝန်ထမ်းတွေနဲ့ အခွန်ရုံးဝန်ထမ်းတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ရုံးအတွင်းဝင်ရောက်ဖမ်းဆီးပြီး ပြန်အထွက်မှာ စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ့တိုးပြီး ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"Non CDM  ဝန်ထမ်းတွေကို CDM လုပ်ဖို့ပြောထားတာကြာပြီ။ ဒါပေမဲ့ မလုပ်လို့ ဝင်ဖမ်းပြီး ပြန်အထွက်မှာ ပစ်ခတ်မှုဖြစ်တာ။ ကားပေါ်မှာ သေဆုံးသွားတဲ့ဝန်ထမ်းတွေက ကျနော်တို့ထင်ပြီး စကစတွေဘက်က ပစ်လို့ သေတာ။ ကျနော်တို့ရဲဘော်တဦးလည်း ကျခဲ့တယ်" လို့ တောတွင်းတွတ်ပီ LPDF တာဝန်ခံကပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်းမှာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်က ပစ်ခတ်လို့ အခွန်အရာရှိတဦးအပါအဝင် ဝန်ထမ်း ၄ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်တွေအသုံးပြုတဲ့သေနတ် ၂ လက်နဲ့ ဆိုင်ကယ် ၁ စီးကို စစ်ကောင်စီအဖွဲ့တွေဘက်က သိမ်းဆည်းသွားတာရှိတယ်လို့ သိရပါတယ်။

"အဲဒီပစ်ခတ်မှုအတွင်းမှာ သေဆုံးသူ စုစုပေါင်း ၅ ဦးရှိတယ်။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၃ ယောက်။ ဘယ်သူဘယ်ဝါတွေဆိုတာတော့ မသိရဘူး။ အလောင်းတွေကတော့ စစ်ကိုင်းဆေးရုံဘက်သယ်သွားတာတွေ့ရတယ်" လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

အဆိုပါ ဖမ်းဆီးမှုအတွင်းမှာ အခွန်ဝန်ထမ်းနဲ့ လဝကဝန်ထမ်း ၆ ဦးကို ထိန်းသိမ်းထားနိုင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ အခွန်ရုံးနဲ့လဝကရုံးက ဝန်ထမ်းတွေကို လာရောက် ဖမ်းဆီးတဲ့ PDF အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပြီး PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးအလောင်း ၂ လောင်း ရရှိထားသလို ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ သေနတ် ၃ လက်နဲ့ ကျည်အချို့သိမ်းဆည်းရမိတယ်လို့ ဖော်ပြထား ကြပါတယ်။

မေ ၁၆ ရက် ညမှာ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်မှာ လက်နက်ကိုင် ပြည်သူ့စစ်နေအိမ်ပစ်ခတ်ခံရလို့ မယားဖြစ်သူသေဆုံးပြီး လင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အခွန်ဝန်ထမ်း #PDF #တောတွင်းတွတ်ပီ #LPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10