စစ်ကိုင်းမြို့နယ်မှာ တပတ်အတွင်း ဒေသခံ ၁၃ ဦးကို စစ်ကောင်စီ သတ်ဖြတ်

စစ်ကိုင်းမြို့နယ်မှာ တပတ်အတွင်း ဒေသခံ ၁၃ ဦးကို စစ်ကောင်စီ သတ်ဖြတ်

စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ ရက်ကစပြီး ယနေ့အထိ စစ်ကြောင်းတွေထိုးနေပြီး ဒေသခံ ၁၃ ဦး သတ်ဖြတ်ခံထားရကာ ၄၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီက စစ်ကိုင်းမြို့နယ်ရွာသစ်ကြီးစခန်းဘက်မှ စစ်ကြောင်း တကြောင်း၊ ညောင်ပန်းဝန်းဘက်မှ စစ်ကြောင်းတကြောင်း၊ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ဘက်မှ တကြောင်း စုစုပေါင်းစစ်ကြောင်း ၃ ကြောင်းထိုးခဲ့ပြီး စစ်ကိုင်းမြို့နယ်၊ မြင်းဆည်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပါတယ်တော၊ မြစ်သာကျေ၊ ဥယျာဥ်၊ သုံးလင့် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ်ဘက်က ထိုးလာတဲ့စစ်ကြောင်းဟာ ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်တွေက ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေကို စက်လှေနဲ့သယ်ယူသွားတယ်လို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းတွေက မြင်းဆည်ကျေးရွာကဒေသခံ အမျိုးသား ၄ ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အခုတော့ အဲ့ဒီထဲက စစ်ကြောင်း တကြောင်းက မြင်းမူဘက် ထွက်သွားတယ်။ ကျန်တဲ့စစ်ကြောင်းတွေက သူတို့အထိုင်ချထားတဲ့စခန်းတွေဘက် ပြန်ဆုတ်သွားပြီ " လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာဘက်ကိုလည်း စက်တင်ဘာ ၁၅ ရက်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာမှာ ဒေသခံ ၉ ဦးသတ်ဖြတ်ခံထားရပြီး ၄၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ စစ်ကိုင်းမြို့နယ် ညောင်ကုန်း၊ သလွန်ဖြူ၊ ခြံကြီး၊ သဖျူးစတဲ့ရွာတွေအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။

"ပထမအလောင်းတွေ့တာ ၇ ယောက်၊ မနေ့က ၂ ယောက်ထပ်တွေ့တယ်။ အဖမ်းခံထားရတဲ့အထဲကနေ PDFတွေ နေရာကို လိုက်မပြလို့ဆိုပြီး သတ်တာပေါ့" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်က တံတားဦးလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့က ဒုရဲအုပ်နဲ့ဇနီး သလွန်ဖြူကျေးရွာအနီး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီနေ့အထိ သလွန်ဖြူကျေးရွာမှာ တပ်စွဲထား တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းတွေ တောက်လျှောက်ထိုးနေပြီး စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #မြင်းဆည်ရွာ #သလွန်ဖြူရွာ #ပြည်သူ #ငါန်းဇွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10