စစ်ကိုင်းမြို့နယ် လင်းတလူးရွာက ဒေသခံ ၂ ဦးကို ပျူစောထီးတွေ ပစ်သတ်

စစ်ကိုင်းမြို့နယ် လင်းတလူးရွာက ဒေသခံ ၂ ဦးကို ပျူစောထီးတွေ ပစ်သတ်

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာအနီးမှာ သိုးကျောင်းနေတဲ့ကျေးရွာသား ၂ ဦးကို ကြွယ်ပုံကျေးရွာက ပျူစောထီးတွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၃ ရက် မနေ့က ညနေ ၅ နာရီလောက်မှာ လင်းတလူးကျေးရွာကနေ နွားတွေ၊ သိုးတွေကျောင်းနေတဲ့ လင်းတလူးကျေးရွာသား အသက် ၅၀ အရွယ် ဦးမြင့်ကျော်နဲ့ အသက် ၄၀ အရွယ် ဦးမိုးဆန်းတို့ကို ကြွယ်ပုံရွာကနေ မိုင်းထွက်ရှင်းတဲ့ ပျူစောထီးတွေကတွေ့ပြီး ပစ်သတ်သွားတာလို့ သိရပါတယ်။

"ကြွယ်ပုံရွာ အဝင်လမ်းကို မိုင်းဖော်တာနေမှာပေါ့။ မိုင်းတွင်းနား မိုင်းဖော်ရင်း တွေ့တဲ့လူသတ်သွားတဲ့ပုံစံပါ" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ကြွယ်ပုံရွာဟာ လင်းတလူးကျေးရွာနဲ့ သုံးမိုင်လောက်ဝေးပြီး ပျူစောထီးအားကောင်းတဲ့ရွာဖြစ်သလို စစ်တပ်ကလည်း လက်နက်အပြည့်အစုံတပ်ဆင်ပေးထားတဲ့ရွာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်က တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီရွာမှာ စစ်တပ်က ခံစစ်ပြင်နေပြီး အောက်တိုဘာ ၁၂ ရက်ကပဲ ဘန်ကာတွေဆောက်လုပ်ကာ စစ်ကိုင်းမြို့ဘက်ကနေ စစ်တပ်ထောက်ပို့ကား ရောက်လာသေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကားဟာ ကြွယ်ပုံရွာအဝင်လမ်းမှာ မိုင်းဆွဲခံရတာကြောင့် ယာဥ်မောင်းတဲ့စစ်ကောင်စီတပ်သားသေဆုံးခဲ့လို့ ရွာအဝင်လမ်းကို ပျူစောထီးတွေက မိုင်းလာရှင်းတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကြွယ်ပုံရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မကြာခဏဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့သလို အဲ့ဒီတိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ကျဆုံးတာတွေလည်းရှိခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

အဲ့ဒီနောက် ဒီကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လမ်းကြောဖြတ်တောက်တာတွေလုပ်ထားပြီး ကျေးရွာအနီးမှာ မိုင်းထောင်တာတွေလည်းရှိတယ်လို့သိရပါတယ်။ 

အဲ့ဒီကျေးရွာက ပျူစောထီးတွေကလည်း ကျေးရွာအနီးက တခြားကျေးရွာသားတွေပိုင်တဲ့လယ်ကွက်တွေမှာ လယ်လာလုပ်တဲ့သူတွေကို သေနတ်နဲ့လှမ်းပစ်တာတွေလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #လင်းတလူးကျေးရွာ #သိုးကျောင်းသား #ပစ်သတ် #ကြွယ်ပုံကျေးရွာ #ပျူစောထီး #မိုင်းထောင် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10