စစ်ကိုင်းမြို့ပေါ်က စစ်ရှောင် အမျိုးသမီး ၂ ဦးအပါ ၉ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းမြို့ပေါ်က စစ်ရှောင် အမျိုးသမီး ၂ ဦးအပါ ၉ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးအပါအဝင် ၉ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့စစ်ရှောင် ၉ ဦးမှာ မေလ ၂၂ ရက်ကတည်းက စတင်ကာ ၈ ကြိမ်အထိ စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးတာကိုခံခဲ့ရတဲ့ ပဒူကျေးရွာက ဒေသခံတွေဖြစ်ကြတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရွာကိုမီးရှို့လို့ ရွာလုံးကျွတ်ထွက်ပြေးကာ မြို့ပေါ်ကကျောင်းတွေမှာ ခိုလှုံနေကြတာ။ PDF တွေလုံးဝမဟုတ်ကြပါ။ အဖမ်းခံရတဲ့အထဲ သားမိနှစ်ယောက်ပါသွားတယ်။ ကလေးက ငယ်သေးတယ်လို့ပဲ သိရတယ်။ ကျား၊ မဆိုတာကို မသိရဘူး။ ပုံမှန်ကတော့ ဖမ်းဆီးတဲ့သူတွေကို တပ်မ ၃၃ ထဲမှာပဲ ဖမ်းထားလေ့ရှိတယ်၊ ခုအဲ့ထဲမှာဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။

ရွှေတောင်ဦးမော်ကျောင်းမှာ နေထိုင်နေတဲ့ အသက် ၃၀ အရွယ်ရှိ ဒေါ်အေးမီဦးနဲ့ သူမရဲ့ ကလေးငယ်တဦး၊ ပြည်တော်အေးကျောင်းက အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ကို ဇွန်လ ၆ ရက်ည ၈ နာရီလောက်မှာ ဖမ်းဆီးခဲ့တာပါ။ 

ဒါ့အပြင် ဝါဆိုဧမြဥယျာဉ် ပရိယတ္တိစာသင်တိုက်မှာ နေထိုင်နေတဲ့ ကိုဇော်သက် ၂၆ နှစ်၊ ရန်ငြိမ်းအောင် (ခ) ရန်ကြီးအောင် ၃၃ နှစ်၊ တိလောကဂုရုချောင် ဘုန်းကြီးကျောင်းက ကိုဝေယံထွန် (ခ) ဖိုးစနေ ၂၈ နှစ်၊ ကိုချစ်သဲအောင် ၃၃ နှစ်နဲ့ ကိုသန်းစိုးနိုင် (ခ) ငပဲ တို့ကိုတော့ ဇွန်လ ၇ ရက် ည ၉ နာရီမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အခုလိုမျိုး စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်ဖမ်းဆီးမှာကို စိုးရိမ်နေကြရပေမယ့် ကျေးရွာက နေအိမ်တွေဟာ မီးလောင်ပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ် ကလည်း တပ်စွဲထားတာကြောင့် နေရပ်ကိုမပြန်နိုင်ဘဲ ဘုန်းကြီးကျောင်းတွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဒူကျေးရွာမှာ အိမ်ခြေ ၁ ထောင်ခန့်ရှိပြီး စစ်ကောင်စီတပ်သားတွေက  မေလ ၂၂၊ ၂၄၊ ၂၅၊ ၂၉ နဲ့ ၃၀ ရက်၊ ဇွန်လ ၃၊ ၇၊ ၈ ရက်တွေမှာ နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် ၂ လအတွင်း မီး ၈ ကြိမ်အထိအရှို့ခံထားရတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

 

ပုံစာ - ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ပဒူကျေးရွာဒေသခံများ။ (ပုံဟောင်း)

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ပဒူကျေးရွာ #စစ်ရှောင် #ဖမ်းဆီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10