စစ်ကိုင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ခန့် မြစ်ရေဝင်ရောက်နေလို့ ဒေသခံရာနဲ့ချီ ပြောင်းရွှေ့နေရ

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ခန့် မြစ်ရေဝင်ရောက်နေလို့ ဒေသခံရာနဲ့ချီ ပြောင်းရွှေ့နေရ

စစ်ကိုင်းမြို့၊ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ခန့်မှာ ဇူလိုင် ၈ ရက် ဒီကနေ့မနက် ၄ နာရီခန့်ကစတင်ကာ ဧရာဝတီမြစ်ရေဝင်ရောက်နေလို့ ဒေသခံတွေ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းနံဘေးအနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်လာတာဖြစ်ပြီး ရေဆက်လက်မြင့်တက်မှုကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေလို့ ဆိုပါတယ်။

" အနိမ့်ပိုင်းနေရာတွေက အချို့နေရာက ခါးလယ်လောက်၊ အချို့နေရာ ခြေသလုံးမြုပ်လောက် ရေဝင်နေတာရှိတယ်။ မြစ်ရေက စိုးရိမ်ရေမှတ်တော့ မကျော်သေးဘူး။ ခုရေဝင်တဲ့နေရာတွေက နှစ်တိုင်းရေဝင်နေကျနေရာတွေပါပဲ။ မြစ်ရေ ဘယ်လောက်ထိထပ်တိုးမလဲဆိုတာက စောင့်ကြည်ရမယ့်အခြေအနေ"လို့ စစ်ကိုင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လတ်တလောမှာ အနိမ်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ သောတပန်၊ မင်းဇံ၊ ထုံးဘို၊ တကောင်း၊ ဧမြဝတီရပ်ကွက်တွေနဲ့ သဗြု၊ ညောင်ကုန်း၊ မအူပင်၊ ဒေါင်းမကျေးရွာတွေအပါအဝင် ရပ်ကွက်ကျေးရွာ ၂၀ ခန့်မှာ ရေဝင်နေတာလို့ သိရပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာလို့ လူနေထိုင်လို့အဆင်မပြေတော့တဲ့နေရာက ဒေသခံတွေကတော့ အမြင့်ပိုင်းဘုရားကုန်းတွေကိုပြောင်းရွှေ့နေထိုင်တာတွေရှိနေပြီး လတ်တလောမှာ လူဦးရေရာချီ ပြောင်းရွှေ့နေရကာ အရေအတွက်ကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၈ ရက် ဒီမနက် ၆ နာရီ ၃၀ ချိန် မိုးဇလဌာနရဲ့ မြစ်ရေခန့်မှန်းချက်တိုင်းတာမှုအရ မြစ်ရေအမှတ်က ၁၁၀၇ စင်တီမီတာ ရှိနေကာ နောက်ထပ် ၁၈ နာရီအတွင်းမှာ စိုးရိမ်နေရမှတ်ကိုရောက်နိုင်တယ်လို့ ခန့် မှန်းထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဧရာဝတီမြစ် #မြစ်ရေမြင့်တက် #ရေနစ်မြုပ် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10